Monday, June 11, 2012

 ကချင်ပြည်နယ် ဗန်းမော်ခရိုင်၌ စစ်ဘေးရှောင် ကျောင်းသား ၅၀၀၀ ကျော်ရှိနေ



7367
ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း ကယ်ဆယ်ရေး စခန်းတစ်ခုမှ ကျောင်းနေအရွယ် ကလေးများကို တွေ့ရစဉ်
ယခုပညာသင်နှစ် ကျောင်းဖွင့်ချိန်၌ ကချင်ပြည်နယ် ဗန်းမော်ခရိုင် အတွင်း၌ စစ်ဘေးရှောင် ကျောင်းသား ၅၀၀၀ ကျော်ရှိနေပြီး နေ့စဉ်လူဦးရေ တိုးလျက်ရှိနေကြောင်း ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း ကယ်ဆယ်ရေး လုပ်ဆောင်လျက်ရှိသော လူထုအလင်း အဖွဲ့မှ သိရသည်။

လက်ရှိတွင် အဆိုပါ ကျောင်းသားများကို ကယ်ဆယ်ရေးစခန်းအချို့၌ ပြန်လည် ပညာသင်ကြားပေးနေပြီး သူငယ်တန်းမှ တက္ကသိုလ် ၀င်တန်းအထိ ကျောင်းသား ၅၁၈၀  ဦး ကျောင်းအပ်လက်ခံ ထားကြောင်း နှင့် ကျောင်းသားဦးရေမှာ နေ့စဉ်မြင့် တက်လာကြောင်း လူထုအလင်းအဖွဲ့မှ သိရသည်။
အဆိုပါစစ်ပြေးဒုက္ခသည် ကျောင်းသားများမှာ ယခင်အစိုးရကျောင်းများတွင် ပညာသင်ကြားခဲ့သော ကချင် ကျောင်းသားများအပြင် နယ်စပ်ဒေသများရှိ လီဆူး၊ ရှမ်း၊ ဗမာလူမျိုး စသည့် ကျောင်းသားများ ဖြစ်ကြောင်းလည်း သိရသည်။
ကျောင်းအပ်လက်ခံမှုကို စတင် လက်ခံနေပြီဖြစ်သော်လည်း ကျောင်းသားများအတွက် စာသင်ခန်း၊ သင်ထောက်ကူပစ္စည်းများနှင့် မိုးရာသီ ဖြစ်သောကြောင့် မိုးရာသီသုံး ပစ္စည်းများ လိုအပ်နေကြောင်း သိရသည်။
“စစ်ပွဲဖြစ်ပြီးနောက်ပိုင်း သူတို့ ရဲ့မြို့တွေကို မပြန်ရဲကြတော့ဘူး။ သူတို့ရဲ့အိမ်မှာ စခန်းချထားပြီး ပစ္စည်းတွေကိုလည်း ယူသွားကြပြီလို့ ပြောတယ်။ ဒီတော့ ကျောင်းသားတွေ လည်း မပြန်ရဲတော့ဘဲ ဒီမှာပဲကျောင်း လာအပ်ကြတယ်။ တခြားဒေသက ကျောင်းသားတွေ အေးအေးဆေးဆေး နဲ့ ကောင်းကောင်းမွန်မွန် ပညာသင်နေရတဲ့အချိန်မှာ သူတို့လေးတွေမှာတော့ သေနတ်သံတွေကြားမှာ မပြည့်မစုံနဲ့ စာသင်ရတော့မယ်”ဟု လူထုအလင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
ထို့အပြင် စစ်ဘေးဒုက္ခသည် စခန်းများတွင် ၀မ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားမှုများရှိပြီး မိုးရာသီဖြစ်သောကြောင့် ခြင်ပေါက်ပွားမှု မြင့်တက်လာသောကြောင့် ငှက်ဖျားရောဂါ ဖြစ်လာနိုင်မည်ကို စိုးရိမ်လာရကြောင်းလည်း ကယ်ဆယ်ရေးအဖွဲ့ များမှ သိရသည်။
လက်ရှိတွင် စစ်ပြေးဒုက္ခသည် စခန်းများတွင် လူမှုရေးအဖွဲ့များမှ ကူညီဆောင်ရွက်ပေးမှုများ ရှိကြောင်း ကချင်ပြည်နယ်အတွင်း၌ ကယ်ဆယ်ရေး စခန်းများသည် မြစ်ကြီးနား၊ ၀ိုင်းမော်၊ ဗန်းမော်၊ မိုးမောက်စသည့် မြို့နယ်များနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်အချို့တွင် တည်ရှိနေကာ တရုတ်နိုင်ငံတွင်း၌လည်း ကယ်ဆယ်ရေးစခန်း အချို့ ရှိနေကြောင်းလည်း သိရသည်။
၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက် နေ့မှစ၍ စစ်တပ်နှင့် ကေအိုင်အေတို့ အကြား ပစ်ခတ်မှုများဖြစ်ပွားခဲ့ ယခု လာမည့် ဇွန်လ ၉ ရက်နေ့တွင် တစ်နှစ်ပြည့်ခဲ့ပြီး ကချင်ဒေသခံများ မှာ စစ်ပွဲရပ်ရန် အစိုးရက အမြန်ဆုံး ဆောင်ရွက်ပေးစေလိုကြောင်း သိရသည်။
“ပစ်ခတ်မှုတွေဖြစ်နေတုန်းပဲ” ဟု ဗန်းမော်မြို့တွင် နေထိုင်သူ ကချင်လူမျိုးတစ်ဦးက ပြောပါသည်။
ကချင်ပြည်နယ်တွင် လုံခြုံရေး အခြေအနေကြောင့် ရွှေ့ပြောင်းနေထိုင် ရသူဦးရေမှာလက်ရှိ၌ တစ်သိန်းနီးပါးခန့်ရှိနေပြီး ကယ်ဆယ်ရေး စခန်းများ ၌ အစားအသောက်နှင့် ဆေးဝါးများများစွာ လိုအပ်နေကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။