Monday, June 11, 2012

ပြည်ထောင်စု ငြိမ်းအဖွဲ့နှင့် KNPP အချက်အများစု သဘောတူညီနိုင်ခဲ့

စံခလပူရီ (မဇ္ဈိမ)။   ။ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP နှင့် အစိုးရတို့၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ ဇွန်လ ၉ ရက်နေ့တွင် လွိုင်ကော်မြို့၌ တွေ့ဆုံဆွေးနွေးအပြီး အချက်အများစုကို သဘောတူ နိုင်ခဲ့ကြသည်။

သဘောတူညီခဲ့ကြသည့် အချက်များ လက်တွေ့ အကောင်အထည်ဖော် နိုင်ရန်အတွက် ပြည်နယ်အစိုးရ ကိုယ်စားလှယ်များနှင့် တနင်္ဂနွေနေ့တွင် အလွတ်သဘော ဆက်လက် ဆွေးနွေးနေကြောင်း ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သည့် KNPP ဗဟိုကော်မတီဝင် တဦးဖြစ်သူ ခူးဒယ်နီယာ က ပြောသည်။။

“အဓိက အချက် သုံးချက် ကတော့ သဘောတူညီမှု မရသေးဘူး။ ကျန်တဲ့ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေးတွေ တင်ပြထားတဲ့ ၁၇ ချက်ကို သဘောတူညီမှု ရခဲ့ပါတယ်။ သဘောတူညီချက်တွေ လက်တွေ့ အကောင်အထည် ဖော်ဖို့ ဒီနေ့ ပြည်နယ်အဆင့် အစိုးရ ကိုယ်စားလှယ်တွေနဲ့ ဆက်လက် တွေ့ဆုံနေပါတယ်။
နောက် နှစ်ရက်လောက် ကြာဦးမယ်လို့ ခန့်မှန်းတယ်” ဟု မဇ္ဈိမကို ပြောသည်။

စနေနေ့ ဆွေးနွေးပွဲတွင် အစိုးရဘက်မှ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မီတီ ဒု-ဥက္ကဋ္ဌ ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်ပြီး လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုး၊ အရှေ့ပိုင်းတိုင်း တိုင်းမှူးနှင့် ကယားပြည်နယ် ၀န်ကြီးချုပ်၊ လွိုင်ကော် ကထစမှူး အပါဝင်သော ကိုယ်စားလှယ် ၂၀ ခန့် တက်ရောက်ခဲ့ကြသည်။

KNPP ဘက်မှ ခူးဦးရယ် (အတွင်းရေးမှူး - ၁)၊ ဦးအောင်ဆန်းမြင့် (အတွင်းရေးမှူး - ၂)၊ ဗိုလ်ချုပ် စောဘီထူး (စစ်ဦးစီးချုပ်)၊ ဗိုလ်မှူးကြီး ဖုန်းနိုင် (စစ်ဦးစီးချုပ်)တို့ အပါအဝင် ကိုယ်စားလှယ် ကိုးဦး တက်ရောက်ခဲ့ကြသည်။

လွိုင်ကော် ဆွေးနွေးပွဲ မစတင်မီ KNPP ဘက်မှ စစ်ရေးနှင့် လူမှုဖူလုံရေး ကိစ္စရပ်များအား အဓိကထား
ဆွေးနွေးသွားမည်ဟု ပြောဆိုခဲ့သည်။

တပ် တည်ချထားရေး သဘောတူညီနိုင်မှု မရှိသေးသော်လည်း KNPP ဘက်မှ ပင်မ ဆက်ဆံရေးရုံးကို လွိုင်ကော်၌ ထားရှိကာ ဖားဆောင်း၊ ရှားတော တို့၌ လျာထားပြီး စုစုပေါင်း သုံးနေရာ ဖွင့်လှစ်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

“ကယားပြည်နယ်မှာ လာရောက် နေရာယူထားတဲ့ တပ်မ ၅၅ နဲ့ အခြား တပ်မတွေ၊ ဧည့်သည်တပ်တွေ
ပြန်ရုပ်သိမ်းပေးဖို့ ကျနော်တို့ ပြောထားတယ်။ လောလောဆယ်တော့ မရုတ်နိုင်သေးဘူးပေါ့။ ကျနော်တို့ အဖွဲ့တွေ တပ်တည်နေရာ ချထားဖို့ ပြောကြတော့ ကျနော်တို့ဘက်က တောင်းထားတာ ၁၁ နေရာလောက် ရှိတယ်။ အဆင်မပြေသေးဘူး။ သံလွင်မြစ်ပေါ်မှာ ရေကာတာ တည်ဆောက်နေတာကို ရပ်ဆိုင်းဖို့ ကျနော်တို့ ပြောထားတာကလည်း သူတို့ဘက်က သုံးသပ်နေတဲ့ အနေအထားမှာပဲ ရှိပါတယ်” ဟု ဦးခူးဒယ်နီယာ က ပြောသည်။

KNPP ဘက်မှ တောင်းဆိုထားသည့် တပ်တည်နေရာ ၁၁ နေရာအတွက် နောက်တကြိမ် ဆွေးနွေးပွဲ၌ ထပ်မံဆွေးနွေးရန်ရှိပြီး သံလွင်မြစ် ရေကာတာ စီမံကိန်းနှင့်ပတ်သက်၍ ကော်မီတီဖွဲ့စည်း၍ ဆက်လက် လုပ်ဆောင်သွားမည်ဟု သဘောတူခဲ့ကြကြောင်း သိရသည်။

စနေနေ့ ဆွေးနွေးပွဲမှာ ဇွန်လ ၉ ရက်နေ့ ည ၇ နာရီတွင် ပြီးဆုံးသွားခဲ့သည်။ ယခု အကြိမ် တွေ့ဆုံပွဲမှာ မတ်လ ၇ ရက်နေ့၌ KNPP ဘက်မှ တင်ပြထားသည့် အချက် ၂၀ အပေါ်၌သာ အဓိကထား
ဆွေးနွေးခဲ့ကြခြင်းလည်း ဖြစ်သည်။

ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲကို ဆက်လက် ပြုလုပ်သွားရန် ရှိသေးသော်လည်း နေ့ရက်အတိအကျ မသိရသေးပေ။

စနေနေ့ ဆွေးနွေးပွဲသည် KNPP နှင့် အစိုးရတို့၏ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ဖွဲ့စည်းပြီးနောက် ပထမဆုံးအကြိမ် တွေ့ဆုံပွဲ ဖြစ်သည်။ မတ်လ ၇ ရက်နေ့၌ KNPP နှင့် ပြည်နယ် အစိုးရတို့အကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု လက်မှတ် ရေးထိုးနိုင်ခဲ့သည်။ ၎င်းမတိုင်ခင် ပဏာမ ဆွေးနွေးပွဲအား ၂၀၁၁ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီ လတွင် နှစ်ကြိမ်တိုင် ထိုင်းနိုင်ငံ၌ တွေ့ဆုံ ခဲ့ဖူးသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။