
ရန်ကုန် - မန္တလေးအမြန် လမ်းမကြီး ဖောက်လုပ်စဉ်က ပျက်စီးသွားသော ရတနာပုံတက္ကသိုလ် အ၀င်လမ်းမကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်းတံတားဌာနမှ ပြန်လည်ပြုပြင်လျက်ရှိ ကြောင်း သိရှိရသည်။
“စက်မှုဘက်က၀င်တဲ့ ရတနာပုံ တက္ကသိုလ်လမ်းဟာ ရန်ကုန်-မန္တလေးအမြန် လမ်းမကြီး ဖောက်လုပ်တုန်းက မြေသယ်ကားကြီးတွေ ဖြတ်သန်းသွားလာမှုကြောင့် ပျက်စီး ခဲ့ရတယ်။ ဒါကြောင့် မြို့တော်စည်ပင်ကနေ မေလတတိယပတ်ထဲက စပြီးတော့ ပြန်ပြီးပြုပြင်နေပါတယ်” ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းတံတားဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါလမ်းမှာ ရတနာပုံ တက္ကသိုလ် မဖွင့်လှစ်မီ ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်းမှ တက္ကသိုလ် ၏ ကုန်ကျငွေဖြင့် ဖောက်လုပ်ခဲ့သော လမ်းဖြစ်ပြီး အကျယ် ၁၈ ပေရှိ ကြောင်း၊ ယာဉ်သွားလာမှုများပြား လာသဖြင့်၂၄ပေအကျယ်ရှိ ကတ္တရာ လမ်းအဖြစ် တိုးချဲ့ခင်းနိုင်ရန် ဘေးချဲ့ မြေပေါင်တင်ခြင်း ပေ ၅၀ အကျယ် ရရှိအောင် ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။
“ပြီးခဲ့တဲ့ဘတ်ဂျက်နှစ်ကတည်း က လမ်းချဲ့တဲ့လုပ်ငန်းတွေ ဆောင်ရွက်နိုင်အောင် လမ်းဘေးဝဲယာမှာ ပေ ၇၀ အကျယ် ကျောက်ရိုးစီခြင်း လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ လမ်းချဲ့တဲ့လုပ်ငန်းကို ဆောင်ရွက်နေပါတယ်”ဟု လမ်းတံတားဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်တွင် ၂၀၀၀ ပြည့်နှစ်က ရတနာပုံကောလိပ်အဖြစ် စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ ၂၀၀၃ ခုနှစ်တွင် ကောလိပ်အဆင့်မှတက္ကသိုလ်အဆင့် သို့ တိုးမြှင့်ခဲ့ကြောင်း၊ အဆိုပါနှစ် ဇန်န၀ါရီလတွင် ပထမဆုံးဘွဲ့နှင်း သဘင်ကို ကျင်းပခဲ့ပြီး ဘွဲ့ရရှိသူ ၄၁၄၈ ဦးရှိကြောင်း သိရသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။