Monday, June 11, 2012

ရခိုင်ပြည်နယ် မြို့ကြီး ခြောက်ခုတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထား

နယူးဒေလီ (မဇ္ဈိမ)။   ။ ရခိုင်ပြည်နယ်ရှိ မြို့ကြီး ခြောက်မြို့တွင် ညမထွက်ရနှင့် လေးယောက်ထက် ပို၍ လူမစုစေရသည့် ပုဒ်မ ၁၄၄ ကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများက ထုတ်ပြန်ထားပြီးဖြစ်ကြောင်း သိရသည်။


ထိုမှဆက်၍ ဇွန်လ ၁၀ ရက်နေ့တွင် စစ်တွေမြို့၌ ဆူပူမှုများ ဖြစ်ပွားနေခြင်းဖြစ်သည်။ မောင်တောနှင့် ဘူးသီးတောင်မြို့များကို ဇွန်လ ၈ ရက်နေ့ကတည်းက ထုတ်ပြန်ထားပြီး စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲနှင့် ရမ်းဗြဲ မြို့များတွင် ဇွန်လ ၁၀ ရက်နေ့က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

“လူအချို့သည် အများပြည်သူတို့၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေရန်
ပြုမူဆောင်ရွက်နေကြသဖြင့်” ဟု “ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားစေနိုင်သည်ဟု ယုံကြည်ယူဆသဖြင့်” မြို့စည်ပင်နယ်နိမိတ်အတွင်းတွင် လူ လေးယောက်ထက် ပို၍ မစုရေးရန်နှင့် ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်း ညမထွက်ရအမိန့်ကို မြို့နယ်အုပ်ချုပ်ရေးမှူးများက ထုတ်ဆင့်လိုက်ကြခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့တွင် မေလ ၂၈ ရက်နေ့က ရခိုင်အမျိုးသမီးတဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရပြီး
နောက် ဇွန်လ ၃ ရက်နေ့တွင် တောင်ကုန်မြို့၌ ခရီးသွား အစ္စလာမ်ဘာသာဝင် ၁၀ ဦးကို ဒေသခံများက သတ်ဖြတ်လိုက်ကြသည်။ ထို့နောက် မောင်တောမြို့တွင် ဇွန်လ ၈ ရက်နေ့တွင် ဘင်္ဂါလီရိုဟင်ဂျာများ ဆူပူအကြမ်းဖက်မှုကြောင့် လူ ၇ ဦး သေဆုံးခဲ့ရပြီး ၁၇ ဦး ဒဏ်ရာရကာ အိမ်ခြေ ၄၉၄ လုံး နှင့် တည်းခိုခန်းတခု ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု အစိုးရမီဒီယာမှ ထုတ်ပြန်ထားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။