Monday, June 11, 2012

 လုံလောက်သည့် မြစ်ရေမြင့်တက်မှု မရှိသဖြင့် ဗန်းမော်ရွှေပြည် ဆိပ်ကမ်းသို့ သင်္ဘောများ ပြန်လည်ပြောင်းရွှေ့ ဆိုက်ကပ်နိုင်ခြင်း မရှိသေး

7366
ဗန်းမော်မြို့တောင်ဘက် ငါးမိုင်အကွာရှိ တပ်ကလေးဆိပ်ကမ်းကို တွေ့ရစဉ်
ယခုနှစ် မိုးဦးရာသီကာလတွင် ဆိပ်ကမ်းပြောင်းရွှေ့ရန် လုံလောက်သည့် မြစ်ရေမြင့်တက်မှု မရှိသဖြင့် ဗန်းမော်မြို့ဆိပ်ကမ်းအား တပ်ကလေးဆိပ်ကမ်းမှ ဗန်းမော်ရွှေပြည် ဆိပ်ကမ်းသို့ သင်္ဘောများပြန်လည် ပြောင်းရွှေ့ဆိုက်ကပ်နိုင်ခြင်း မရှိသေးကြောင်း ပြည်တွင်းရေကြောင်းပို့ ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

“အရင်နှစ်တွေက ဇွန်လဒုတိယပတ်ဆိုရင် မြစ်ရေမြင့်တက် လာတဲ့အတွက် သင်္ဘောတွေက တပ်ကလေးဆိပ်ကနေ ဗန်းမော်ရွှေပြည်ဆိပ်ကမ်း ကို ပြောင်းရွှေ့နိုင်ခဲ့တယ်။ ဒီနှစ်တော့ မြစ်ရေမတက်သေးလို့ ဆိပ်ကမ်းပြောင်းရွှေ့လို့ မရသေးဘူး”ဟု ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
ဗန်းမော်မြို့သည် ဧရာဝတီ မြစ်၏ အရှေ့ဘက်ကမ်းတွင် တည်ရှိသော်လည်း ငါးမိုင်ခန့်ရှည်လျားသည့် သောင်ခုံကြီးခံနေမှုကြောင့် ဧရာဝတီမြစ်ရေကို အားပြုမရဘဲ မြစေတီရေ၀င်ပေါက်၊ တာပိန်မြစ်နှင့် မိုးလဲချောင်းတို့မှ ၀င်ရောက်လာသည့် ဗန်းမော်မြစ်ရေကြောင်းကို အားပြု၍ သင်္ဘောများ ၀င်ထွက်သွား လာရသည်။
ဗန်းမော်ရေကြောင်းသည် မိုးရာသီရေများချိန်တွင် ဗန်းမော်မြို့ ဆိပ်ကမ်းဖြစ်သည့် ဗန်းမော်ရွှေပြည် ဆိပ်သို့ဝင်ရောက် ဆိုက်ကပ်နိုင်သော်လည်း ရေနည်းချိန်တွင် ဗန်းမော်မြို့ တောင်ဘက်ငါးမိုင်အကွာရှိ တပ်ကလေးဆိပ်ကမ်းသို့ သင်္ဘောများ ပြောင်းရွှေ့ဆိုက်ကပ်ရကြောင်း သိရသည်။ ရေပါးချိန်တွင်မူ ရေယာဉ်များသည် တပ်ကလေးဆိပ်သို့ပင် ၀င်ရောက်နိုင်ခြင်း မရှိဘဲ အဆိုပါ ဆိပ်ကမ်းမှ နှစ်မိုင်ခန့်ကွာသည့်ကမ်း ပါးနီဆိပ်သို့ ထပ်မံပြောင်းရွှေ့ ဆိုက်ကပ်ရသည်။
ယခုနှစ်ရေနည်းကာလ၌မူ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး မှ တာဝန်ယူ လုပ်ဆောင်မှုကြောင့် ဗန်းမော်ရွှေပြည်ဆိပ်ကမ်းမှ တပ်ကလေးဆိပ်သို့သာ ပြောင်းရွှေ့ခဲ့ပြီး ကမ်းပါး နီဆိပ်သို့ ပြောင်းရွှေ့ခြင်း မပြုခဲ့ရကြောင်း သိရသည်။ 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။