Monday, June 11, 2012

ပိန္နဲကုန်းမြောက်ရွာ ကာကွယ်တောအား ကုမ္ပဏီတစ်ခုက မြေယာချဲ့ထွင်၍ ရွာသားများစုပေါင်းကာကွယ်

ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ပိန္နဲကုန်းကျေးရွာအုပ်စုပိန္နဲကုန်းမြောက်ရွာမှ မွေးမြူထားသောကာကွယ်တော များအား ကုမ္ပဏီတစ်ခုက
ဝင်ရောက်ရှင်းလင်းသွားသဖြင့် ထိုလုပ်ရပ်အား ရပ်တန့်စေရန် ဒေသခံများကဆိုင်းဘုတ်များများစိုက်ထူခဲ့ကြောင်း သိရှိရသည်။

 
“မကျူးကျော်ရ၊ ကာကွယ်တော”ဟူသော ဆိုင်းဘုတ်များအား ဇွန်လ(၁၀)ရက်နေ့နံနက်ပိုင်းတွင် ပိန္နဲကုန်း မြောက်ရွာရှိ ဒေသခံပြည်သူ လုံးကျွတ်နီးပါးစိုက်ထူခဲ့ကြခြင်းဖြစ်သည်။

 
ထိုကဲ့သို့ ဆိုင်းဘုတ်စိုက်ထူရခြင်းမှာ တောင်သူများအနေဖြင့်တောင်ယာစိုက်ရာတွင် ရေအရင်းအမြစ်ထိန်းသိမ်းရေးအတွက်မွေးမြူ ထားသော သစ်ပင်များအားရွှေစီးပွားကုမ္ပဏီမှခုတ်လှဲခြင်းတို့ကြောင့် တောင်ယာစိုက်ရာတွင်အခက်အခဲဖြစ်နိုင်သောကြောင့်   ဖြစ်သည်ဟု ဒေသခံများကဆိုသည်။


“ကျွန်တော်တို့ဒီနေ့ ဒီဆိုင်းဘုတ်လာထောင်တာ လူတစ်ရာကျော်ပါတယ်၊ရွာလုံးကျွတ်နီးပါးပဲ၊ ကျွန်တော်တို့ရဲ့ ကာကွယ်တောကို  သူတို့ခုတ်လှဲပစ်တယ်၊ နောက်ထပ်ဒီလိုမျိုးထပ်မဖြစ်အောင်ရည်ရွယ်ချက်နဲ့လုပ်တာပါ” ဟုပိန္နဲကုန်းမြောက်ရွာမှ   ဦးမျိုးဝင်း ကပြောသည်။


ထိုကဲ့သို့ ကုမ္ပဏီမှနေ၍ အပင်များခုတ်လှဲခြင်းတောင်ယာများရှင်းခြင်းအားပြုလုပ်ခြင်းမှာနိုင်ငံတော်မှသီးစားချထားပေးခြင်း တို့ကြောင့်ဖြစ်ကြောင်း ရွာသားများက ဆိုသည်။

နိုင်ငံတော်မှ ရွှေစီးပွားကုမ္ပဏီသို့ သီးစားချထားပေးခြင်းကြောင့်ထိုကျေးရွာရှိ ရွှေ့ပြောင်းတောင်ယာ လုပ်ကိုင်စားသောက်နေသော ရွာသား အယောက်(၅၀)ကျော်မှာ ၎င်းတို့၏ မြေယာများဆုံးရှုံးကာလာမည့်နှစ်အတွက် စပါးစိုက်ပျိုးမှု   နောက်ကျလျက်ရှိနေကြောင်း သိရသည်။

ရွှေစီးပွားကုမ္ပဏီအား နိုင်ငံတော်အစိုးရမှ တောင်ယာဧက(၆၀၀)သီးစားချထားပေးမှုမှာ ဖာသင်းကျေးရွာဘက် အခြမ်းဖြစ်သော်လည်း ၎င်းတို့၏လာရောက်ရှင်းလင်းမှုများမှာ ပိန္နဲကုန်းမြောက်ရွာဘက်သို့ ရောက်ရှိနေသောကြောင့် ရွာသားများက   မကျေမနပ်ဖြစ် ရခြင်းဖြစ်သည်။


“ကျွန်တော် ဥက္ကဌတစ်ယောက်အနေနဲ့ဆိုရင် ကိုယ့်ရဲ့ပိုင်ဆိုင်တဲ့နေရာလေးကိုမြို့နယ်မှာပြောလို့မရဘူးဆိုရင်တိုင်းအဆင့်ဆင့် တက်ပြီး ပြန်ရအောင် ဆောင်ရွက်မှာပါ” ဟုပိန္နဲကုန်းမြောက်ရွာမှာ ဥက္ကဌဦးသိန်းထွန်းကပြောသည်။


ထိုကဲ့သို့ ရွာသားများနှင့် ကုမ္ပဏီအခြေအတင်းများကြောင့် မေ(၂ဂ)တွင်ခရိုင်အုပ်ချုပ်ရေးမှူး၊မြို့နယ်ရဲမှူး၊မြို့နယ်အုပ်ချုပ်ရေးမှူး၊    မြေစာရင်းဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့မှ တာဝန်ရှိသူများက နှစ်ဖက်စလုံးအားထိုဧက(၆၀၀)အတွင်းရှိမြေများအား မည်သူမျှ ဘာမျှမပြုလုပ်ရန်မှာကြားတားမြစ်ထားကြောင်း သိရသည်။


ထိုကိစ္စနှင့်ပတ်သက်၍  ပိန္နဲကုန်းမြောက် ဒေသခံများမှ သမ္မတထံသို့တိုင်ကြားစာပို့ရန် စီစဉ်ထားကြောင်း ကိုလည်း သိရသည်။
 
 


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။