Monday, June 11, 2012

ရွှေဘိုမြို့ နှမစားရစ်ကျေးရွာတွင် လန(၃၉)ပေးထားခြင်း မရှိဘဲ လယ်ယာမြေများ၌ ပုဂ္ဂလိကငါးမွေးကန်များ မွေးမြူခြင်းကြောင့် လယ်သမားများ အခက်တွေ့နေ

73611
ငါးကန်အချို့ တူးဖော်နေသည်ကို မေလ တတိယပတ်က တွေ့ရစဉ်
ရွှေဘိုမြို့ နှမစားရစ်ကျေးရွာရှိ လယ်ယာမြေများအား မြေလွတ်မြေရိုင်း ဥပဒေလန(၃၉)ထုတ်ပြန် ပေးထားခြင်းမရှိဘဲ ပုဂ္ဂလိကငါးမွေးကန်များ မွေးမြူနေခြင်းကြောင့် လယ်သမားများ အခက်တွေ့လျက် ရှိကြောင်း သတင်းရရှိသည်။

လယ်ယာမြေများတွင် ငါးမွေးမြူခြင်းအား လွန်ခဲ့သောဆယ်စုနှစ်ခန့်အတွင်းမှ စတင်မွေးမြူခဲ့ခြင်း ဖြစ်ပြီး ယခုအခါ ငါးမွေးမြူရေးကန် ဧရိယာမှာ လယ်ယာမြေဧက လေးရာကျော်ခန့်ရှိပြီ ဖြစ်ကြောင်းလည်း သိရသည်။ ပုဂ္ဂလိကငါးမွေးမြူရေးကန်များမှာ ဧရိယာကျယ်ပြန့်လာသဖြင့် အနီးအနားရှိ စိုက်ပျိုးလယ်ယာ မြေများမှာ စိုက်ပျိုး၍ မဖြစ်ထွန်းတော့ဘဲ တောင်သူများ အခက်အခဲတွေ့လာခြင်းဖြစ်ပြီး ယခင်နှစ်ကလည်း မိုးကြီးသောအခါ ရေကောင်းစွာ မထွက်နိုင်ခဲ့သဖြင့် လယ်ယာမြေများ ရေနစ်ခဲ့သည့်အပြင် လူနေအိမ်များပါရေကြီးခဲ့သဖြင့် တောင်သူများဒုက္ခများစွာ ရောက်ခဲ့ရကြောင်းလည်း သိရသည်။ ငါးကန်များ ဆောက်လုပ်မှုကြောင့် စိုက်ပျိုးမြေများမှ ရေထွက်ရာလမ်းကြောင်း ကျဉ်းမြောင်းသွားပြီး မိုးကြီး လာပါက ယခုနှစ်တွင် ပိုမိုဒုက္ခတွေ့ရမည်ကို စိုးရိမ်နေကြကြောင်းလည်း သိရသည်။
“မနှစ်ကမိုးကြီးတုန်းက တခြားရွာတွေထက် လယ်မြေတွေပိုပြီးဆုံးရှုံး နစ်နာခဲ့ရပါတယ်။ လူနေအိမ်တွေပါ ဒုက္ခရောက်ရတယ်။ ငါးကန်တွေက ရေထွက်ရမယ့် နေရာတွေမှာဆည်ဖို့ ထားသလိုဖြစ်နေတယ်။ ဒီနှစ်လည်း ဆက်ပြီး ငါးကန်တွေတိုးချဲ့နေကြ တော့ ကျွန်တော်တို့ လယ်သမားတွေ စိုးရိမ်နေရပါတယ်။ ပြီးတော့ ငါးကန်တွေကြောင့်လည်း လယ်စိုက်တဲ့နေရာမှာ အခက်အခဲတွေ အများ ကြီးကြုံရပါတယ်။ ငါးကန်နဲ့ကပ်လျက် လယ်တွေကစိုက်လို့မရတော့ ရောင်းလိုက်ရတာနဲ့ ငါးကန်ဧရိယာတွေ ကျယ်လာပြီး တောင်သူတွေ အလုပ်အကိုင် ခက်ခဲလာပါတယ်”ဟု နှမစားရစ်ကျေးရွာမှ တောင်သူတစ်ဦးက ဆိုပါသည်။
ပုဂ္ဂလိကမွေးမြူထားသော ငါးကန်များမှာ လယ်ယာမြေများအတွက် ပေးဝေသောရေကို အသုံးပြုရပြီး တစ်နှစ်လျှင် ရေခွန်ငွေကျပ်နှစ်သောင်းကျော် ပေးဆောင်ရကာ ပုံမှန်အခွန်ရရှိခြင်း မရှိကြောင်း ရွှေဘိုလယ်ယာ ဆည်မြောင်းရုံးမှ သိရသည်။ ရွှေဘို မြေစာရင်းရုံးမှလည်းအဆိုပါငါးကန် ဧရိယာများအတွက် မြေလွတ်မြေရိုင်း ဥပဒေလန-၃၉ ထုတ်ပေးထားခြင်း မရှိကြောင်း စုံစမ်းသိရှိရပြီး စိုက်ပျိုး၍ ဖြစ်ထွန်းနိုင်သော လယ်မြေများ ဖြစ်သဖြင့် ငါးကန်များပြုလုပ်နေခြင်းမှာ မသင့်တော်ကြောင်းလည်း လယ်ယာ ဆည်မြောင်းမှ တိုင်းညွှန်ကြားရေးမှူး ဦးမျိုးဝင်းက ဖုန်းဖြင့် ပြောကြားခဲ့ပါသည်။
 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။