လူ့ဘောင်သစ်
ဒီမိုကရက်တစ်ပါတီခေါင်းဆောင်များက နိုင်ငံရေးပါတီအဖြစ် မြန်မာနိုင်ငံတွင်
ရပ်တည်ခွင့်ရရှိရန်အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့
ဝန်ကြီးဦးအောင်မင်း ဦးဆောင်သောအဖွဲ့နှင့် ဇွန်လ(၂၅)ရက်နေ့ နေ့လည်ပိုင်းက
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Grand Four Wings ဟိုတယ်တွင်
နှစ်နာရီကြာတွေ့ဆုံခဲ့သည်။
အဆိုပါတွေ့ဆုံမှုတွင်
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင်များက ၀န်ကြီးဦးအောင်မင်းနှင့်
အချက်(၃)အား အဓိကထား ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။
“ပါတီကို
ဖျက်သိမ်းထားတဲ့ ဥပဒေ ဒါမှမဟုတ်လို့ရှိရင်
မတရားအသင်းကြေညာထားတယ်ဆိုလို့ရှိရင် အဲ့ဒါကိုရုတ်သိမ်းပေးဖို့၊နောက်တစ်
ချက်က ကျွန်နော်တို့ပါတီအနေနဲ့အထဲမှာ ပြန်ပြီးတော့တိုင်းပြည်ရဲ့ ဒီမိုကရေစီ
တည်ဆောက်ရေး လုပ်ငန်းတွေမှာ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရေး
လုပ်ငန်းတွေမှာ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက် ရေး
လုပ်ငန်းတွေမှာ ပါတီတစ်ရပ်အနေနဲ့ ကျွန်တော်တို့ ပါဝင်ပြီးတော့ အုတ်တစ်ချပ်
သဲတစ်ပွင့်အနေနဲ့ ပါဝင်ဆောင်ရွက် ချင်တယ် အဲ့ဒီအတွက် ကျွန်တော်တို့
ပြန်လာပြီးတော့ နိုင်ငံရေး ပါတီတစ်ခုအနေနဲ့ ရပ်တည်လှုပ်ရှားခွင့်ပေးပါ”ဟု
လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီဥက္ကဌ ဦးအောင်မိုးဇော်က ပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံမှုတွင်
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက မတရားအသင်းကြေညာမှုအား ဖျက်သိမ်းပေးရန်၊
မြန်မာ့ဒီမိုကရေစီ အရေးပါဝင်လှုပ်ရှားမှုတွင် နိုင်ငံရေးပါတီတစ်ခုအနေဖြင့်
ပါဝင်ခွင့်ရရန်၊ ပါတီမှတာဝန်ရှိသူများအပေါ်တွင် ထားရှိသည့် နိုင်ငံတော်မှ
စွဲချက်များအား ပြန်လည်ရုတ်သိမ်းပေးရန် စသည့်အချက်များ တောင်းဆိုခဲ့သည်။
“ကျွန်တော်တို့
ပုဂ္ဂိုလ်တစ်ဦးချင်းစီအပေါ်မှာ စွဲထားတဲ့ စွဲချက်တွေ ရှိပါတယ်၊ ဥပမာ
ကျွန်တော်ဆိုလို့ရှိရင် ၁၉၉၀ အကုန်၊ ၁၉၉၁ အစောပိုင်းမှာ ကျွန်တော့်ကို
တရားခံပြေးဆို ကြေညာထားတာရှိတယ်၊ နောက်ဆက်တိုက်ပေါ့ တချို့ ကြေညာမှု တွေ
ရှိတယ်။ အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ ပြန်ပြီးတော့ ရုတ်သိမ်းပေးစေချင်တယ်”ဟု
ဦးအောင်မိုးဇော်က ဆက်လက် တောင်းဆိုမှုပြုခဲ့သည်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေဖြင့်
နိုင်ငံတော်သမ္မတဦးသိန်းစိန်ထံ တောင်းဆိုချက်များအား စာတမ်း တစ်စောင်
ပြုစု၍ အမြန်ဆုံးရေးသားတင်ပြရန် ၀န်ကြီးဦးအောင်မင်းက
အကြံပြောဆိုခဲ့ကြောင်းကိုလည်း သိရှိရသည်။
“ကျွန်တော်တို့
အထဲမှာ တရားဝင်နိုင်ငံရေးပါတီတစ်ရပ်အဖြစ် ပြန်လည်ရပ်တည်ပြီးတော့
လှုပ်ရှားနိုင်ဖို့အတွက် မျှော်လင့် ချက်တွေ ပိုများလာတယ်လို့ပဲ
ပြောချင်ပါတယ်၊ ကျနော်တို့ ဇူလိုင်လကုန် သြဂုတ်လလောက်မှာ ထပ်ပြီးတော့
တွေ့နိုင် လိမ့်အုံးမယ်လို့ထင်တယ်။ အဲ့ဒီအချိန်မှာ ပိုပြီးတော့ ပီပြင်တဲ့
ရလာဒ်တွေ အခြေအနေတွေ ကျွန်တော်တို့ မြင်တွေ့ ရလိမ့် မယ်လို့
မျှော်လင့်ပါတယ်။”ဟု ဦးအောင်မိုးဇော်က ဆက်ပြောသည်။
လူ့ဘောင်သစ်ပါတီခေါင်းဆောင်များအနေဖြင့်
၂၀၁၂ခုနှစ် ဖေဖေါ်ဝါရီလ (၆) ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်
ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော အဖွဲ့နှင့်
ပထမအကြိမ်တွေ့ဆုံခဲ့ကြောင်းကိုလည်း သိရသည်။
အဆိုပါဆွေးနွေးပွဲသို့
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဘက်က ဥက္ကဌ ဦးအောင်မိုးဇော်၊
အထွေထွေအတွင်းရေးမှူး ဦးငွေလင်းနှင့် ဗဟိုဦးဆောင်ကော်မတီဝင်
နှစ်ဦးတက်ရောက်ခဲ့ကြပြီး မြန်မာအစိုးရဘက်မှ မီးရထားဝန်ကြီးဦးအောင်မင်း၊
လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီနှင့် ထိုင်းနိုင်ငံဆိုင်ရာ
မြန်မာသံအမတ်ဦးဝင်တင်၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလှမောင်ရွှေ၊
ဦးညိုအုန်းမြင့်တို့ တတ်ရောက်ခဲ့ကြသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။