Wednesday, June 27, 2012

အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သည်ကြီးများ ကုန်သွယ်ရေး စာချွန်လွှာပို့

နယူးဒေလီ (မဇ္ဈိမ) ။       ။ နယ်စပ်ကုန်သွယ်ရေး တိုးမြှင့်နိုင်ရန်အတွက် အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သည်ကြီးများ သမဂ္ဂမှ တောင်းဆိုချက် ကိုးချက်ပါသော စာချွန်လွှာတစောင်ကို မဏိပူရပြည်နယ် ဝန်ကြီးချုပ်နှင့် ကုန်သွယ်ရေး ဌာနများသို့ ပေးပို့လိုက်သည်။

နှစ်နိုင်ငံ လွတ်လပ်စွာ ကုန်သွယ်နိုင်သည့် ကုန်အမျိုးအမည် အရေအတွက်ကိုလည်း လက်ရှိထက် တိုးမြှင့်သင့်ကြောင်း အကြံပြု တိုက်တွန်းထားသည်။

“လွတ်လပ်သော ကုန်သွယ်မှုစာချုပ်အရ ကုန်ပစ္စည်းအမျိုးအမည် ၄ဝ သာ ခွင့်ပြုထားသည်။ မြန်မာ၏ အခြားသော နယ်စပ်ကုန်သွယ်ဖက်နိုင်ငံများနှင့် ပမာဏအား နှိုင်းယှဉ်စဉ်းစားစားပါက နှစ်နိုင်ငံ ဖလှယ်နိုင်သည့် အရေအတွက်
မြှင့်တင်ရနိုင်ပါသည်” ဟု စာချွန်လွှာအား ကိုးကား၍ Imphal Free Press သတင်းစာတွင် ဖော်ပြပါရှိသည်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် ကုန်ပစ္စည်းအမျိုးအမည် ၁၁,၆၉၂ မျိုး၊ တိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး တွင် ၃,၆၉၉ မျိုးနှင့် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးတွင် ၆၃ မျိုး လွတ်လပ်စွာ ဖလှယ်နိုင်နေကြသည်။

ကုန်သွယ်မှုနှင့် ခရီးသွားလာရေး လုပ်ငန်းများအတွက် မဏိပူရပြည်နယ် အင်ဖာမြို့တွင် နိုင်ငံကူးလက်မှတ် (Passport)
နှင့် ဗီဇာရုံးတရုံးကိုလည်း ဖွင့်လှစ်ထားသင့်ကြောင်း အကြံပြုထားသည်။ ထိုသို့အားဖြင့် အနာဂတ်ကာလတွင် မကြာခဏ ကျင်းပလာနိုင်ဖွယ် ရှိသည့် နှီးနှောဖလှယ်ပွဲများ၊ ကန်ဖရင့်များ၊ ကုန်စည်ပြပွဲများနှင့် ကုန်သွယ်ရေး ကိုယ်စားလှယ် ဆွေးနွေးပွဲများအတွက်လည်း အထောက်အကူဖြစ်စေနိုင်သည်ဟု ဆိုသည်။

ဝင်ငွေခွန်၊ အရောင်းခွန် စသည်တို့ကို နှစ်အနည်းငယ်ကြာ လျှော့ချပေးခြင်းအားဖြင့် နယ်စပ် ကုန်သွယ်ရေးတွင် ရင်းနှီးမြှုပ်နှံလိုသူများကို ဖိတ်ခေါ်သင့်ကြောင်းလည်း အကြံပြုထားသည်။

အဆင်းရဲဆုံးနိုင်ငံများစာရင်းဝင် မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံမှ ၂ဝ၁ဝ က ကြေညာခဲ့သော အထူး အကောက်ခွန် ခံစားခွင့်တွင် အကြုံးဝင်သည်။ ၂ဝဝ၉ တွင် လက်မှတ်ရေးထိုးထားသော အိန္ဒိယ-အာဆီယံ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူ စာချုပ်အရလည်း ခံစားခွင့်ရှိမည် ဖြစ်သည်။

မဏိပူပြည်နယ်ရှိ မိုးရေး-တမူး နှင့် မီဇိုရမ်ပြည်နယ်ရှိ ဇိုးကထား-ရိဖ် တို့တွင် နယ်စပ်ကုန်သွယ်ရေး စီးဆင်းနေပြီး အဓိက လမ်းကြောင်းဖြစ်သည့် မိုးရေး-တမူးကို ဖြတ်သန်းကာ အရှေ့တောင်အာရှ နိုင်ငံများသို့ ဆိုက်ရောက်မည့် အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းမကြီးကို လေးလမ်းသွားအဖြစ် စတင်တိုးချဲ့လျက်ရှိနေပြီ ဖြစ်သည်။

သို့သော် အိန္ဒိယ အရှေ့မြောက်ပြည်နယ်များအတွင်း သူပုန်များနှင့် သပိတ်တားများကြောင့် နယ်စပ်ကုန်သွယ်ရေးမှာ အနှောက်အယှက်ဖြစ်ရကြောင်း အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးအသင်း (BTCC) အတွင်းရေးမှူး ဦးအေးကို က ဆိုသည်။

“အခုက ကုန်ကို နေ့စဉ်ပို့လို့မရဘူး။ သူတို့ဘက်က ပိတ်တာဆို့တာများတယ်။ တလကို ရက်ပေါင်း ဆယ်ရက်လောက် က သွားဖို့လာဖို့ ပိတ်တတ်တော့ ကုန်စည်စီးဆင်းမှု ရပ်တာပေါ့ဗျာ။ ကုန်တွေ အချိန်မီ မရောက်ဘူး။ ပျက်ဆီးလွယ်တဲ့ ကုန်ဆို ဆုံးရှုံးကုန်တာပေါ့။ မဏိပူပြည်နယ်ဘက်မှာ မတည်ငြိမ်ဘူးလေ။ Law and order (တရားဥပဒေစိုးမိုးမှု)က လိုနေတာပေါ့။ အဲဒါသာ ရှိမယ်ဆိုရင် ဒီလမ်းကြောင်းကြီးက သာယာသွားမယ်။ အဲလိုဆိုရင် ကုန်သည်တွေ ပျော်လာ ရင်တော့ အလုပ်လုပ်တာ များမှာပါ” ဟု သုံးသပ်ပြောဆိုဖူးသည်။

၂ဝ၁၁ ခုနှစ် ဧပြီမှ ဒီဇင်္ဘာလအတွင်းတွင် မြန်မာမှ အိန္ဒိယသို့ နယ်စပ်မှတဆင့် ဒေါ်လာ ၅ ဒဿမ ၉၈၉ သန်း တင်ပို့ခဲ့ ကာ အိန္ဒိယမှ မြန်မာသို့ ဒေါ်လာ ၄ ဒဿမ ၁၄၁ သန်းဖိုး တင်သွင်းခဲ့သဖြင့် နယ်စပ်ကုန်သွယ်မှု ပမာဏမှာ ဒေါ် လာ ၁ဝ ဒဿမ ၁၃ဝ သန်းဖိုး ရှိခဲ့သည်။ ထိုစဉ်တွင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၂၁၈၃ ဒဿမ ၂၈၇ သန်း ရှိခဲ့ပြီး ထိုင်း-မြန်မာ နယ်စပ်တွင် ဒေါ်လာ ၂၂၈ ဒဿမ ၆ဝဝ သန်း ကုန်သွယ်ခဲ့ကာ ဘင်္ဂလားဒေ့ရှ်နယ်စပ် တွင် ဒေါ်လာ ၁၇ ဒဿမ ၃၄၂ သန်းဖိုး အသီးသီး ကုန်သွယ်နိုင်ခဲ့ကြသည်။

အိန္ဒိယ ဗဟိုအစိုးရ၏ “အရှေ့မျှော်ဝါဒ”အရ အာဆီယံနိုင်ငံများမှ အကျိုးအမြတ်များ ရယူနိုင်ရန်အတွက် အင်ဖာမြို့တွင် ပင် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး ဈေးရောင်း စင်တာကြီးတခု အင်ဖာမြို့တွင် တည်ထောင်ရန်လည်း နယ်စပ် ကုန်သည်ကြီးများက တောင်းဆိုကြသည်။ သို့သော် လက်ရှိတွင် အင်ဖာမြို့ ပုဏ္ဏားဈေးကြီးထဲတွင်မူ တရုတ် ကုန်ပစ္စည်းများသာ လွှမ်းမိုးနေသည်။

လက်ရှိ အိန္ဒိယ-မြန်မာ ကုန်သွယ်မှုပမာဏမှာ ဒေါ်လာသန်း ၁,၅ဝဝ ရှိပြီး ပဲအမျိုးမျိုး၊ သစ်၊ သံနှင့်သံထည်၊ အသေးစား စက်ပစ္စည်း ကိရိယာနှင့် ဆေးဝါး စသည်တို့ ဖြစ်သည်။ ၂ဝ၁၅ တွင် နှစ်နိုင်ငံကုန်သွယ်မှု နှစ်ဆ တိုးမြှင့်ရန် နှစ်နိုင်ငံ ရည်မှန်းထားကြသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။