Wednesday, June 27, 2012

မြေသိမ်းခံ လယ်သမားများ မရွှေ့ပြောင်း၍ တရားစွဲခံရ

နယူးဒေလီ (မဇ္ဈိမ) ။      ။ စီမံကိန်းနယ်မြေအတွင်း ကျရောက်၍ လယ်ယာမြေ အသိမ်းခံရသော်လည်း ဖယ်မပေးကြ သည့် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရွာသစ်ကျေးရွာရှိ လယ်သမား ၁၂ ဦးအား စည်ပင်သာယာဥပဒေဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

၎င်းတို့ပိုင် လယ်ယာများအား ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းစီမံကိန်းမှ သိမ်းယူမည် ဖြစ်သော်လည်း ပေးလျော် သည့် ငွေကြေးလည်း မကျေနပ်၍ လက်မခံ၊ နေရာလည်း ရွှေ့ပြောင်းမပေးကြ၍ ဇမ္ဗူသီရိ မြို့နယ်တရားရုံးတွင် စွဲဆိုခြင်းခံနေရကြောင်း တရားစွဲဆိုခံရသူ လယ်သမားတဦးဖြစ်သည့် ကိုဝင်းအောင် က ပြောသည်။

“ငွေပဲပေးတယ်။ တခြား ရွှေ့ပြောင်းစရာနေရာ မပေးပါဘူးခင်ဗျ။ သူတို့ပေးတဲ့ ငွေကို ကျနော်တို့က ဒီနေ့ဒီအချိန်ထိ မယူသေးပါဘူးခင်ဗျ။ သူတို့ပေးတဲ့ ငွေနဲ့ ကျနော်တို့ မိသားစုတွေ အခြားတနေရာမှာ အခြေချဖို့ ဘယ်လိုမှကို မလုံလောက်ပါဘူးခင်ဗျ။ ကျနော်တို့ တောင်သူ ၁၂ ဦးက သူတို့ဆီက တပြားတချပ်မှ မယူထားပါဘူးခင်ဗျ။ လက်မှတ်လည်း ထိုးမထားပါဘူးခင်ဗျ” ဟု မဇ္ဈိမကို ပြောသည်။

တဲများ ဖျက်ပေးရန်နှင့် လျော်ကြေးငွေ လာရောက် ထုတ်ယူရန် စည်ပင်သာယာရုံးမှ သုံးကြိမ် အကြောင်းကြားသော် လည်း ထိုလယ်သမားများက သွားထုတ်ခြင်း မရှိသလို တဲများလည်း မဖျက်ကြောင်း သိရသည်။

ရွာသစ်ကျေးရွာမှ လယ်သမား ၉၄ ဦးအတွက် လျော်ကြေးအဖြစ် လယ်တဧကလျှင် နှစ်သိန်း၊ ယာတဧကလျှင် တသိန်းနှုန်း ပေးသော်လည်း ထိုအထဲမှ ၎င်းတို့ ၁၂ ဦးသည် ရွှေ့ပြောင်းနိုင်သည့်ငွေကြေး မရှိ၍ သမ္မတထံ အသနားခံမည်ဟု သူက ဆက်ပြောသည်။

“လျော်ကြေးရငွေနဲ့ မြေဝယ်ဖို့ကြည့်တာ၊ ဈေးနှုန်းကိုက ကျနော်တို့မိသားစု ရပ်တည်ဖို့ရာ ဘယ်လိုမှ မဖြစ်ပါဘူးဗျ။ ဒါကြောင့် ကျနော်တို့က အသနားခံပြီး တောင်သူတွေကို မြေတနေရာ ချထားပေးဖို့ပြောပါမယ်။ အခြားရွှေ့ပြောင်းစရာ
နေရာချထားပေးရင် ကျနော်တို့က ရွှေ့ပြောင်းပေးမှာပါ။ အဲဒီကိစ္စ ကျနော်တို့ တောင်သူ ၁၂ ဦးကိုယ်တိုင် သမ္မတကြီး ဆီ အသနားခံစာ ဖြစ်ဖြစ်၊ သမ္မတကြီးဆီ မရောက်ရောက်အောင် သွားပြီးတော့ အသနားခံပါမယ်” ဟု ကိုဝင်းအောင် က ပြောသည်။

လယ်သမားများအနေဖြင့် ကာလပေါက်ဈေးအတိုင်း လျော်ကြေး ရရှိပါက ရွှေ့ပြောင်းပေးမည်ဟုလည်း သိရသည်။

စည်ပင်သာယာမှ စွဲဆိုထားသည့် အမှုကို လယ်သမားများသည် မေ ၃၁ ရက်မှ ဇွန်လ ၂၆ ရက်နေ့အထိ ရုံးချိန်း ၃ ကြိမ် ရင်ဆိုင်ခဲ့ရပြီး ဇွန် ၂၇ ရက်နေ့တွင် ထပ်မံချိန်းဆိုထားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။