Wednesday, June 27, 2012

ဒေါနတောင်ကျရေ အရှိန်ကြောင့် လှိုင်းဘွဲချောင်းရေ မြင့်တက်လာပြီး လှိုင်းဘွဲ-ဘားအံ ချိတ်ဆက် ဘေလီသံပေါင်တံတား နစ်မြုပ်ခဲ့ရာ ကုန်စည်စီဆင်းမှု ယာယီပြတ်တောက်မှု ဖြစ်ပေါ်

 ဇွန်လ ၂၃ ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ဒေါနတောင်ကျရေများ စီးဆင်းလာကာ လှိုင်းဘွဲချောင်းရေ မြင့်တက်မှုကြောင့် ကရင်ပြည်နယ် အရှေ့ဘက် လှိုင်းဘွဲမြို့နယ်ရှိ ခရီးသည်နှင့် ကုန်စည်စီးဆင်းမှု မပြတ်တောက်ရန် တည်ဆောက်ထားသော ယာယီ ဘေလီသံပေါင်တံတား နစ်မြုပ်ခဲ့၍ မော်တော်ယာဉ်များ သွားလာ၍ မရနိုင်ဘဲ ကုန်စည်စီးဆင်းမှု ယာယီ ပြတ်တောက်မှု ဖြစ်ပေါ်လျက် ရှိနေကြောင်း သတင်းရရှိသည်။
 
5132a
5132


ကရင်ပြည်နယ် အရှေ့ဘက် လှိုင်းဘွဲမြို့နယ်၏ နှစ်ပေါင်း ၉၀ ကျော်သက်တမ်းရှိ ရှေးဟောင်း သံပေါင်တံတားမှာ  ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၄ ရက် ည ၉ နာရီအချိန်ခန့် ရေလယ်တိုင် P1 ၊ P2 ပြိုကျခဲ့ပြီးနောက် ခရီးသည်နှင့် ကုန်စည်စီးဆင်းမှု မပြတ်တောက် စေရန် တည်ဆောက်ထားသော ဘေလီသံပေါင်တံတား ဖြစ်သည်။
“ယာယီသံပေါင်တံတားတည် ဆောက်တဲ့အခါမှာ ဒေသခံတွေကို မေးမြန်းပြီး တည်ဆောက်သင့်ပါတယ်။ လှိုင်းဘွဲမြို့ဆိုတာက ဒေါန တောင်ခြေရင်းမှာ တည်ရှိပြီး မိုးကာလရောက်ရင် ဒေါနတောင်ကျ ရေကြောင့် မြို့တစ်ခုလုံး ရေ၀င်နစ် မြုပ်တတ်ပါတယ်။ မိုးကာလချောင်းရေ အနေအထားကို ကြည့်ပြီး တံတား အနိမ့်အမြင့်ကို ကြည့်ရှုတည်ဆောက်သင့်ပါတယ်။ အခုတော့ တံတားက အရမ်းနိမ့်နေတော့ မိုးများပြီး တောင်ကျရေဆင်းလာရင် ဒီလိုဖြစ်ရပ်မျိုး က မကြာခဏ ပေါ်ပေါက်လာမယ့် အနေအထားမှာရှိနေပါတယ်”ဟု လှိုင်းဘွဲမြို့ခံ အငြိမ်းစားဝန်ထမ်း တစ်ဦးက ပြောပါသည်။
လှိုင်းဘွဲ-ဘားအံချိတ်ဆက် တံတားမှာ ဘားအံ-လှိုင်းဘွဲကား လမ်းမိုင်တိုင်အမှတ် ၂၄၂၂ တွင် တည်ရှိပြီး တံတားအမှတ် ၁/၂၅ ဖြစ်ကာ အရှည် ၁၉၅ ပေရှိပြီး R.P.T သံပေါင်တံတားဖြစ်ကြောင်း၊ ၁၉၂၁ ခုနှစ်တွင် တည်ဆောက်ထားသည့် အတွက် နှစ်ပေါင်း ၉၀ ကျော်သက် တမ်းကြာမြင့်ခဲ့ကာ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် ကျိုးကျပျက်စီးခဲ့ကြောင်း အဆိုပါ တံတားကို အမြန်ပြီးစီးနိုင်ရန် ကရင်ပြည်နယ် ဆောက်လုပ်ရေးအဖွဲ့လမ်း တံတား အထူးအဖွဲ့ ၆ နှင့်အထူးအဖွဲ့ ၉ တို့မှဆောင်ရွက်လျက်ရှိနေကြောင်း နှင့် ဆက်သွယ်သွားလာမှု မပြတ်တောက်စေရန် ယာယီဘေလီသံပေါင် တံတားတစ်စင်းကို တည်ဆောက်ထားရှိကြောင်း၊ ယခုအခါ ဒေါန တောင်ကျရေအရှိန်ဖြင့် လှိုင်းဘွဲ ချောင်းရေ မြင့်တက်လာကာ ယာယီဘေလီသံပေါင်တံတား နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“တံတားက ရေ၀င်နစ်မြုပ်နေ တဲ့အတွက် လှိုင်းဘွဲဘက်အခြမ်းက ကွမ်းသီး၊ ကစို၊ ပိုင်ကျုံ၊ ကမော့ကချူး ဒေသဘက်က ကုန်စည်ကားတွေ လာလို့မရတော့ဘူး။ စက်လှေ တွေနဲ့ ကဲ့ယူသွားလာရတယ်။ စက်လှေခက ဆိုင်ကယ်တစ်စီး ကျပ် ၁၀၀၀ ခရီးသည်တစ်ဦး ကျပ် ၂၀၀ ပေးရတယ်။ ဘားအံ ဘက်အခြမ်းမှာ လည်းကားတွေက သွားလာမရတော့ ဒီအတိုင်းရပ်ပြီး ကုန်စည်တွေကို ကဲ့ယူရတာပေါ့” ဟု ကုန်တင်ယာဉ် မောင်းတစ်ဦးက ပြောပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။