Wednesday, June 27, 2012

ထိုင်းယာယီပတ်စ်ပို့လုပ်ပေးမည်ဟုဆိုကာ မြန်မာအချင်းချင်းငွေလိမ်ယူမှုများရှိနေ

 

ထိုင်းနိုင်ငံတွင် လက်တလောပြုလုပ်ပေးနေသည့် ယာယီနိုင်ငံကူးလက်မှတ်(ပတ်စ်ပို့) ပြုလုပ်မည်ဟုဆိုကာ   မြန်မာတိုင်းရင်းသားအချင်းချင်း ငွေလိမ်လည်ယူဆောင်တိမ်းရှောင်မှုများရှိနေကြောင်း သိရှိရသည်။
 
ထိုင်းနိုင်ငံတွင် ယာယီပတ်စ်ပို့များအား တစ်ပတ်အတွင်း လက်မှတ်ရမည်ဟုဆိုသဖြင့် ထိုင်းဘတ်ငွေ တစ်သောင်းခွဲတိတိပေးချေခဲ့သော်လည်း ယခုတိုင်လက်မှတ်မရရှိသေးသည့်အပြင် ငွေယူသွားသည့် ကယ်ရီသမားမှာလည်း ရှောင်တိမ်းနေကြောင်း မဲဆောက်မြို့တွင် အလုပ်လုပ်ကိုင်နေသူ ကရင်အမျိုးသမီး နော်အိစိန်က ဆိုသည်။
 
 
“ကျမမှာ အလုပ်သမားလက်မှတ် မရှိလို့ နေထိုင်ခွင့်အရင်သွားလုပ်ရတယ်။ ရလာတော့လည်း ကျမပုံ မဟုတ် ဘူး။ အတုကြီး ဖြစ်နေတယ်။ အဲ့ဒါသူ့ကိုမေးကြည့်တော့ ကျမတို့အလိမ်ခံထိတယ်လို့ ပြောတယ်။ နောက်ထပ် လုပ်ဖို့အတွက် ပိုက်ဆံထပ်ပေးရမယ်ဆိုလို့ ပေးလိုက်သေးတယ်။ အခုချိန်ထိဘာမှကို အကြောင်းပြန်တာ မရှိသေးဘူး” ဟု မဲဆောက်မြို့မှ နော်အိစိန်က ပြောသည်။
 
ယာယီပတ်စ်ပို့ပြုလုပ်ပေးမည်ဟု အာမခံကာ ငွေလိမ်လည်ယူဆောင်သွားသူမှာ ထိုင်းနိုင်ငံ ချွန်ဖူလီခရိုင်တွင် နေထိုင်သော မြန်မာနိုင်ငံသားကယ်ရီသမား ကိုထွန်းဆိုသူဖြစ်ကြောင်း မအိစိန်ကဆိုသည်။ 
 
တဆက်တည်းမှာပင် မြ၀တီ-မဲဆောက်တံတား အောက်ဘက်ခြမ်းတွင်ရှိသော အမိုးစိမ်းသိုးမွှေးနှင့်မော်တာ စက်ရုံမှ အလုပ်သမား(၁၀)ဦးအား ၎င်းတို့နှင့် သိကျွမ်းသော မြန်မာနိုင်ငံသားဆရာဝန် တစ်ဦးက ယာယီပတ်စ်ပို့ လုပ်ပေးမည်ဟုပြောပြီး ငွေများကိုယူဆောင်ကာ ထွက်ပြေးတိမ်းရှောင် သွားကြောင်းလည်း အလုပ်သမားအရေး ဆောင်ရွက်နေသည့် FTUB အဖွဲ့မှ ကိုကျော်မြင့်က ပြောသည်။
 
“အမိုးစိမ်းစက်ရုံကအလုပ်သမားတွေကလည်း သူတို့ပြဿနာကိုကူညီပေးဖို့ ကျွန်တော်တို့ကို လာတိုင်တယ်။ နောက် အဲ့ဒီကရင်မလေးကလည်း ပတ်စ်ပို့လည်းမရတဲ့အပြင် အခုပိုက်ဆံလည်းမရှိတော့ဘူး။အဲ့ဒါကျွန်တော်တို့ ဆီမှာ လာတိုင်ထားတယ်။ဒါကြောင့် သက်ဆိုင်ရာနဲ့ ပူပေါင်းပြီးဖြေရှင်းပေးသွားမှာပါ” ဟု ကိုကျော်မြင့်က ပြောကြားခဲ့သည်။
 
ထိုင်းနိုင်ငံမှထုတ်ပေးမည့် ယာယီပတ်စ်ပို့အတွက် ငွေလိမ်လည်သူများအနေဖြင့် အလုပ်သမားတစ်ဦးစီထံမှ ထိုင်းဘတ်ငွေ(၁၅၀၀၀)နှင့်အထက်အား လိမ်လည်မှုများကြောင်းနှင့် အဆိုပါငွေကြေးပမာဏမှာ ထိုင်းနိုင်ငံတွင် နေထိုင် အလုပ်လုပ်ကိုင်သူများအတွက် တစ်လစာအသုံးစရိတ်ဖြစ်ကြောင်းကိုလည်း မြန်မာလုပ်သားတို့ ကဆိုသည်။ထိုင်းနိုင်ငံတွင် ယာယီနိုင်ငံကူးလက်မှတ်များအား ၂၀၁၂ခုနှစ် မေလဆန်းက စတင်ပြုလုပ်ပေးခဲ့ ခြင်းဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။