Wednesday, June 27, 2012

 မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ် ၀န်းကျင်မှ ပြန်လည်ကျဆင်းလာ၊ အနိမ့်ပိုင်းရပ်ကွက်များ ရေနစ်မြုပ်နေဆဲဖြစ်ပြီး ရေဘေးကယ်ဆယ်ရေး စခန်းများတွင် ဒေသခံများ ဆက်လက်ခိုလှုံ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ် ရေမှတ်ဝန်းကျင်မှ ပြန်လည် ကျဆင်းလာပြီဖြစ်ကြောင်း သတင်းရရှိပါသည်။
“အခု ရေပြန်ကျနေပါပြီ။ စိုးရိမ်ရေမှတ်ရောက်ဖို့ စိုးရိမ်စရာ အခြေအနေ မရှိတော့ပါဘူး”ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ၂၀၁၂ ခု နှစ် ဇွန်လ ၂၆ ရက်နေ့ ည ၉နာရီ ၀န်းကျင်တွင် ပြောကြားခဲ့သည်။

မြစ်ကြီးနားမြို့တွင် ဧရာဝတီ မြစ်ရေသည် ဇွန်လ ၂၅ ရက်နေ့တွင် စိုးရိမ်ရေမှတ် ၀န်းကျင်သို့ စတင်ရောက်ရှိခဲ့သည်။
ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့တွင် ၂၀၁၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ နံနက် ၆ နာရီခွဲ အချိန်တွင် တိုင်းထွာချက်များအရ ၁၁၆၆ စင် တီမီတာသို့ ရောက်ရှိခဲ့သည်။ မြစ်ကြီးနားမြို့၏ စိုးရိမ်ရေမှတ်မှာ ၁၂၀၀ စင်တီမီတာဖြစ်ပြီး စိုးရိမ်ရေမှတ်သို့ ရောက်ရှိရန် ၃၄ စင်တီမီ တာ(တစ်ပေကျော်ခန့်)သာ လိုတော့သည့် အနေအထားသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
“မနေ့ကတည်းက အနိမ့်ပိုင်း ရပ်ကွက်တွေ ရေ၀င်ထားတော့ နီးစပ်ရာရွှေ့ကြပြောင်းကြတယ်။ ဒီနေ့တော့ ရေဘေးကယ်ဆယ်ရေး စခန်းတွေ ဖွင့်လာတယ်။ ကျောင်းတွေမှာပေါ့။ ကျွန်တော်တို့ ရပ်ကွက်မှာ တော့အ.ထ.က(၅)မှာ ဖွင့်ထားတယ်။ ကယ်ဆယ်ရေးစခန်းတွေမှာ စေတနာရှင်တွေက ထမင်းထုပ်ဝေတာတွေ လုပ်ကြတယ်။ ရေက တန့်နေပြီ။ ပြန်ကျပြီ။ ဒါပေမယ့် တစ်ရက်၊ နှစ်ရက်လောက်တော့ ကယ်ဆယ်ရေး စခန်းတွေမှာ နေကြရဦးမယ်ထင်တယ်”ဟု မြစ်ကြီးနားမြို့ သီတာရပ်ကွက်မှ လူငယ်တစ်ဦးက ဇွန်လ ၂၆ ရက်နေ့ ည ၈ နာရီခွဲခန့်က ပြောပြ သည်။
မြစ်ကြီးနားမြို့တွင် ဧရာဝတီ မြစ်ရေကြီးမှုကြောင့် ရေ၀င်နစ်မြုပ်ခြင်းကို မြို့သစ်ကြီး၊ အေးစေတီ၊ အလယ်ကုန်း၊ ကျွန်းပင်သာ၊ အောင်နန်း၊ ရမ်ပူ၊ ရှမ်းရွာ၊ ဇီးလွန် စသည့် ရပ်ကွက်များတွင် တွေ့ကြုံနေရခြင်း ဖြစ်ကြောင်း သိရှိရသည်။
ဧရာဝတီမြစ်တွင် မြစ်ကြီးနား၊ ဗန်းမော်အပါဝင် မြို့နယ်အချို့တွင် ပျက်စီးဆုံးရှုံးမှု များပြားခဲ့သော ရေကြီးမှုကို ၂၀၀၄ ခုနှစ်က ကြုံတွေ့ခဲ့ ရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။