Sunday, April 22, 2012

ကြံ့ခိုင်ရေးက ဒေါ်ဖြူဖြူသင်းကို မဲမသမာမှုဖြင့် ကန့်ကွက်

ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း မင်္ဂလာတောင်ညွှန့်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ယှဉ်ပြိုင် အနိုင်ရခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(ကြံ့ခိုင်ရေး ပါတီ) က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် ကန့်ကွက်ထားကြောင်း သတင်းရရှိသည်။

NLD လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း (ဓာတ်ပုံ - အောင်သက်ဝိုင်း / ဧရာဝတီ)

ကြံ့ခိုင်ရေး ပါတီမှ မင်္ဂလာတောင်ညွှန့်မြို့နယ် မဲဆန္ဒနယ်တွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည့် ဒေါ်လဲ့လဲ့အေးက ဒေါ်ဖြူဖြူသင်းသည် ရွေးကောက်ပွဲ၌ မသမာသော မဲဆွယ်စည်းရုံးမှုများပြုလုပ်သည်ဟူသော စွဲချက်ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကောက်မရှင်သို့ ကန့်ကွက်လွှာ တင်သွင်းထားခြင်းဖြစ်ကြောင်း သိရသည်။
ဒေါ်လဲ့လဲ့အေး၏ ကန့်ကွက်လွှာနှင့် ပတ်သက်ပြီး ဖြေရှင်းရန်အတွက် နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က  ၎င်းကို မေလ ၄ ရက်နေ့ နေပြည်တော်သို့ လာရောက်ရန် ဆင့်ခေါ်ထားသည်ဟု ဒေါ်ဖြူဖြူသင်းကလည်း ပြောသည်။
ကန့်ကွက်လွှာ၌ ဒေါ်ဖြူဖြူသင်းသည် ရွေးကောက်ပွဲတွင် NLD က ထုတ်ဝေသော ဒီလှိုင်းဂျာနယ် ရောင်းချ မဲဆွယ်ခြင်း၊ ရွေးကောက်ပွဲစည်းရုံးရေး သီချင်းများနှင့် ဟောပြောမှုများသည် နိုင်ငံတော် သိက္ခာကျဆင်းစေသည့်အပြင် ဆူပူမှုကို လှုံ့ဆော်စေခြင်း၊ ကားများနှင့် စက်ဘီး၊ ဆိုက်ကားများတွင် စတေကာများ ကပ်ခြင်း၊ အသံချဲ့စက် ဥပဒေ ဖောက်ဖျက်ခြင်း၊ ဆန္ဒမဲ ရရှိစေရန် လာဘ်ပေး လာဘ်ယူပြုလုပ်ခြင်း စသည့် အမှုများ ပါဝင်ကြောင်း သိရှိရသည်။
ဒေါ်ဖြူဖြူသင်းက“မင်္ဂလာတောင်ညွှန့်က စက်ဆန်း မီးလောင်ပေါက်ကွဲမှုမှာ မီးဘေး ဒုက္ခသည် အိမ်ထောင်စုတစုကို ဒေါ်အောင် ဆန်းစုကြည်က ကျပ် ခြောက်သောင်း နှုန်းနဲ့ ၉၄ စုအတွက် ငွေလှူတယ်။ အဲဒါ အိမ်ထောင်စု ခြောက်စုလောက်ကို ကျမက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အလှူငွေ သွားပေးတာကို အဲဒါ မဲရဖို့ လာဘ်ပေး လာဘ်ယူ လုပ်တယ်ဆိုပြီး ဒေါ်လဲ့လဲ့အေးက တိုင်စာထဲမှာ ရေးထားတယ်။ တိုင် ထားတဲ့ အချက်တွေက တော်တော်များပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ဒေါ်လဲ့လဲ့အေး တိုင်ကြားသော အချက်များသည် ခိုင်လုံမှုမရှိသော တိုင်ကြားချက်များဖြစ်သည့်အတွက် တရားဥပဒေနည်းလမ်းများအတိုင်း ရင်ဆိုင်ဖြေရှင်းသွားမည်ဟုလည်း ၄င်းက ဆိုသည်။
“ခိုင်လုံ တိကျတဲ့ တိုင်ကြားမှုတွေမဟုတ်ဘူး။ ကျမတို့ကတော့ တရားဥပဒေအတိုင်း ရင်ဆိုင်ဖြေရှင်းမှာပါ။ ပြည်သူတွေက ရွေးချယ် ထားတဲ့ကိုယ်စားလှယ်တယောက် အနေနဲ့ လုပ်စရာရှိတဲ့ လုပ်ငန်းတွေ၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ အတွက် ပြည် သူ့ ဆန္ဒတွေနဲ့အတူ အလုပ်တွေ လုပ်သွားမယ်”ဟု ဒေါ်ဖြူဖြူသင်းက ဆက်လက်ပြောဆိုသည်။
NLD သည် ဧပြီ ၁ ရက်ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲ၌ မဲဆန္ဒနယ် ၄၅ နေရာ တွင် ၄၄ နေရာ ၀င်ရောက် ယှဉ်ပြိုင်ရာ ၄၃ နေရာ မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ကြံ့ခိုင်ရေး ပါတီနှင့် ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီတို့က  ၁ နေရာဆီ အနိုင် ရရှိခဲ့ကြသည်။
ရွေးကောက်ပွဲ ဥပဒေအရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားလျှင် ကျူးလွန်သူသည် တနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် တသိန်း ထက် မပိုသော ငွေဒဏ် ဖြစ်စေ သို့မဟုတ် ဒဏ် ၂ ရပ်စလုံးကို ဖြစ်စေ ကျခံရမည်ဖြစ်သည်။
ကိုယ်စားလှယ်တဦးကို လူပုဂ္ဂိုလ် တဦးက ကန့်ကွက်လိုပါက ရွေးကောက် တင်မြှောက်ခံရကြောင်း ကြေညာသည့် နေ့မှ ရက်ပေါင်း ၆၀ အတွင်း ကန့်ကွက်နိုင်ကြောင်း၊ ကန့်ကွက်လိုသူ တဦးအတွက် ကျပ် ၁၀ သိန်း ပေးသွင်းရမည်ဖြစ်ကြောင်း ရွေးကောက်ပွဲ နည်း ဥပဒေတွင် ပြဌာန်းထားသည်။


By ,  


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။