မြ၀တီနယ်စပ်က အ၀ယ်လိုက်နေခြင်းကြောင့် မော်လမြိုင်တွင် ဆန်းဈေးတက်

ဆန်ဈေးနှုန်းများ မြင့်တာကာ ဆန်ကြမ်းပြောင်းလဲစားသုံးမှုများလာကြောင်း စားသုံးသူများထံက သိရသည်။
“ရောင်းအားကတော့
ပုံမှန်ပါပဲ။ ဆန်ဈေးတွေက မြောက်နေတော့ အရင် ဆန်ချောစားတဲ့သူတွေ
ဆန်ကြမ်းကို ပြောင်းပြီး စားလာကြတယ်။ မြ၀တီနယ်စပ်ဘက်က ဆန်အ၀ယ်လိုက်နေတော့
ဆန်ဈေးတွေက တဖြေးဖြေး တက်နေတယ်။ ပြီးတော့ ဆန်သယ်ယူစရိတ်တွေကလဲ
မြောက်တယ်လေ။ ဒါ့ကြောင့် ဆန်က အကျဘက်မှာ မရှိတော့ဘူး၊ တက်လာပြီ” ဟု
မော်လမြိုင်မြို့ ဆန်ပွဲရုံပိုင်ရှင် ဦးမောင်က ပြောသည်။
ဆန်ဈေးနူန်းမြင့်တက်လာခြင်းမှာ
ထိုင်းမြန်မာ(ယိုးဒယား)နယ်စပ် ၀ယ်လိုအားမြင့်တက်လာခြင်း၊ သယ်ယူစရိတ်
(တန်ဆာခ)မြင့်တက်လာခြင်းကြောင့်
မော်လမြိုင်ဈေးကွက်တွင်းဆန်ဝင်ရောက်မှုကျဆင်းကာ ယခုကဲ့သို့
ဈေးတတ်လာခြင်းဖြစ်သည်ဟု ဆန်ကုန်သည်များက ပြောဆိုသည်။
ဧပြီလပထမအပတ်တွင်
ဆန်ချောဟုအများခေါ်သော (တောင်ပျံမွှေး ) ၁အိတ် (၂၄ပြည်ဝင်)လျှင် ၂၄၀၀၀
(နှစ်သောင်းလေးထောင်)ကျပ်ဝန်းကျင်သို့လည်းကောင်း၊ ဒုတိယပတ်၌
၁အိတ် (၂၄ပြည်ဝင်)လျှင် ၂၆၀၀၀ (နှစ်သောင်းခြောက်ထောင်)
ကျပ်ဝန်းကျင်သို့လည်းကောင်း၊ တတိယပတ်၌ ၁အိတ် (၂၄ပြည်ဝင်)လျှင်
၂၈၀၀၀(နှစ်သောင်းရှစ်ထောင်) ကျပ်ဝန်းကျင်သို့ တဖြေးဖြေးမြင့်တက်လာခဲ့ခြင်း
ဖြစ်သည်။
အလားတူ
ဆန်ကြမ်းဟု သတ်မှတ်ခေါ်ဆိုသော (ငစိန်) ၁အိတ် (၂၄ပြည်ဝင်)လျှင်
၁၂၀၀၀(တစ်သောင်း နှစ်ထောင်)ကျပ်ဝန်းကျင်မှ ၁၄၀၀၀ (တစ်သောင်းလေးထောင်)ကျပ်
ဝန်းကျင်သို့လည်းကောင်း၊ ထိုမှတဆင့် ၁၆၀၀၀ (တစ်သောင်းခြောက်ထောင်)ကျပ်
ဝန်းကျင်သို့ တဖြည်းဖြည်း မြင့်တက်လာခြင်းဖြစ်သည်။
“မိသားစုများတော့ ဆန်ကြမ်းနဲ့ပဲကိုက်တယ်လေ။ ဆန်ဈေးကျပေးရင်တော့ ကောင်းတာပေါ့နော်။ ဆန်ချောက တစ်ပြည်ကို ၁၃၀၀ လောက်ပေးဝယ်စားနေရတယ်။ အခုဆို
ဆန်ကြမ်းကဈေးတက်လဲ တစ်ပြည်ကို ၈၀၀ ကျော်လောက်ပဲရှိတော့ ကျွှန်မတို့
မိသားစု များတဲ့သူတွေကျတော့ ဆန်ကြမ်းပဲ ပြောင်းစားရတာပေါ့” ဟု
မော်လမြိုင်မြို့ ရွှေဝါချောင် ကျေးရွာမှ အိမ်ရှင်မ တစ်ဦးက ပြောသည်။
ယမင်း(မြစ်မခ)
by Myit Makha Mediagroup
by Myit Makha Mediagroup
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။