Sunday, April 22, 2012

မြန်မာလူငယ်ကို ဆိုရှယ်လစ်လူငယ်အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ တာဝန်ပေးအပ်

မြန်မာလူငယ်ကို ဆိုရှယ်လစ်လူငယ်အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ တာဝန်ပေးအပ်


လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ လူငယ်ဥက္ကဋ္ဌ နော်မေဘယ်ထူးကို နိုင်ငံတကာ ဆိုရှယ်လစ်လူငယ်အဖွဲ့ချုပ် (IUSY) ညီလာခံက အာရှပစိဖိတ် ဒေသဆိုင်ရာတာဝန်ခံနဲ့ အဖွဲ့ချုပ်ရဲ့ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ပေးအပ်လိုက်ပါတယ်။ ဒါဟာ နှစ်ပေါင်း ၅၀ကျော် ကာလအတွင်းမှာ မြန်မာလူငယ် တယောက်အနေနဲ့ ဒီတာဝန်ကို ပြန်လည်ခန့်အပ် ခံခဲ့ရတာဖြစ်ပါတယ်။

၁၉၅၀ လွန်ကာလများကတော့ ဆိုရှယ်လစ်ပါတီက လူငယ်ခေါင်းဆောင်တဦးက ဒီတာဝန်ကို လက်ခံခဲ့ဖူးတယ်လို့ သိရှိရပြီး နော်မေဘယ်ထူးကတော့ ဒုတိယမြောက် မြန်မာလူငယ် ဖြစ်ပါတယ်။ တောင်အမေရိကတိုက်၊ ပါရာဂွေးနိုင်ငံမြို့တော် Asuncio’n အော်ဆွန်စီယမ်မှာ ဧပြီလ (၂၀) ရက်နေ့က စတင် ကျင်းပနေတဲ့ ဆိုရှယ်လစ်လူငယ် ညီလာခံကနေ အခုလို တာဝန်ပေး ခန့်အပ်ခဲ့တာဖြစ်ပြီး၊ ဒါဟာမြန်မာလူငယ်တွေရဲ့ ဦးဆောင်မှုအရည်အချင်းနဲ့ ပတ်သက်လို့ ကမ္ဘာက အသိအမှတ်ပြုမှု တခု ဖြစ်ပါတယ်လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင် ကော်မတီဝင် တဦးဖြစ်တဲ့ ဦးဇော်ဇော်ထွန်းက အခုလို ပြောပါတယ်။ “ကျနော်တို့မြန်မာနိုင်ငံ ဒီမိုကရေစီရေးတိုက်ပွဲ မြန်မာနိုင်ငံ ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ပါဝင်တဲ့ လူငယ်တွေရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုတဲ့အနေနဲ့၊ နောက်တခါ ကျနော်တို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကလည်း ဒီနိုင်ငံတကာ ဆိုရှယ်လစ် လူငယ် အဖွဲ့ချုပ်မှာ ကျနော်တို့ လူငယ်အဖွဲ့အစည်း တရပ်အနေနဲ့ အဖွဲ့ဝင်ဖြစ်ထားတာကြာပါပြီ၊ အဲဒီတော့ ဒီအပေါ်မှာ ကျနော်တို့ရဲ့ ပါဝင်ဆောင်ရွက်မှုတွေ ရုန်းကန်လှုပ်ရှားမှုတွေ အပေါ်မှာ အသိအမှတ်ပြုတဲ့အနေနဲ့၊ နောက်တခါ ကျနော်တို့ ဗမာလူငယ်တွေဟာ ဒီလိုတာဝန်မျိုးကို ထမ်းဆောင်နိုင်ပါတယ်ဆိုတာ ယုံကြည်လို့ ပေးတာလည်းဖြစ်ပါတယ်။” အခုကျင်းပနေတဲ့ ညီလာခံမှာ အင်ဒိုနီးရှားနိုင်ငံက Akbaryan ပါတီကလည်း နော်မေဘယ်ထူးကို အမည်စာရင်း တင်သွင်းသူတွေထဲမှာ ပါဝင်ပါတယ်။ ညီလာခံကို ကမ္ဘာ့နိုင်ငံပေါင်း (၁၇၀) ကျော်က လူငယ်ကိုယ်စားလှယ်တွေ တက်ရောက်နေကြတာဖြစ်ပြီး မနက်ဖြန်မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်၊ နိုင်ငံတကာ ဆိုရှယ်လစ်လူငယ် အဖွဲ့ချုပ်ဟာ ကုလသမဂ္ဂရဲ့ အတိုင်ပင်ခံ အဖွဲ့အစည်းဖြစ်ပြီး သက်တမ်းအားဖြင့် နှစ်ပေါင်း(၁၀၀) ကျော်ပြီ ဖြစ်ပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။