Sunday, April 22, 2012

ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီက တရားမဲ့ပြုကျင့်ခဲ့ကြောင်း မြန်မာအမျိုးသားကွန်ကရက်ပါတီက ဦးကောင်းမြတ်ထွဋ် ပြောဆို


ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီက တရားမဲ့ပြုကျင့်ခဲ့ကြောင်း မြန်မာအမျိုးသားကွန်ကရက်ပါတီက ဦးကောင်းမြတ်ထွဋ် ပြောဆို

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံရေးအရတရားမဲ့ပြုကျင့်ခဲ့ကြောင်း
 မြန်မာအမျိုးသားကွန်ကရက်ပါတီမှ ကောင်းမြတ်ထွဋ်က ဗမာနိုင်ငံရေးမိတ်ဆွေပါတီ ရွေးကောက်ပွဲအတွေ့အကြုံသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။



ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ နိုင်ငံရေးအရ တရားမဲ့ပြုကျင့်မှုတွေ လုပ်ခဲ့တယ်လို့ ကျွန်တော်ဒီနေရာကနေ စွပ်စွဲလိုက်ပါတယ်။ “ ဟု မြန်မာအမျိုးသားကွန်ကရက်ပါတီအနေဖြင့်မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူ ဦးကောင်းမြတ်ထွဋ်က ပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲသည် လွတ်လပ်သော်လည်းမျှတမှုမရှိကြောင်းနှင့် ဒီချုပ်ပါတီသည် နိုင်ငံရေးအရ တရားမဲ့ပြုကျင့်ခဲ့ကြောင်း ကြားဖြတ်ရွေးကောက်ပွဲ ၀င်ခဲ့သော နိုင်ငံရေးပါတီ ၃ပါတီ၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကော်မရှင်ကနေပြီးတော့ စည်းနဲ့ကမ်းနဲ့သွားရမယ်ဆိုလို့ ကျွန်တော်တို့စည်းနဲ့ကမ်းနဲ့သွားပါတယ်။ တစ်ချို့တွေက ထမင်းတွေချက်ကျွေးတယ်၊ ဆန်တွေ ဝေတယ်၊ အဲ့ဒီလို ဆိုးဝါးတဲ့အခြေအနေမျိုးတွေ ရှိနေပါတယ်။ ကော်မရှင်ကိုသွားပြောပါတယ်၊ တိုင်စာလည်း ပေးပါတယ်၊ ကော်မရှင်တွေက ဖာသိဖာသာပဲ နေခဲ့ပါတယ်။ ဒီကြားဖြတ်ရွေးကောက်ပွဲက Free and Fair ဖြစ်လို့ပြောတဲ့အခါမှာ Free တော့ဖြစ်ပါတယ် Fair တော့မဖြစ်ဘူးလို့ ကျွန်တော်ကိုယ်ပိုင်အသိစိတ်နဲ့ ပွင့်ပွင့်လင်းလင်းပြောချင်ပါတယ်” ဟု အမျိုးသားနိုင်ငံရေး မဟာမိတ်များပါတီ အနေဖြင့် မကွေးတိုင်း ပွင့်ဖြူမြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူ ဦးကျော်စွာစိုးက ပြောသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲကို နိုင်ငံရေးပါတီ သုံးခုဖြစ်သော မြန်မာအမျိုးသားကွန်ကရက်ပါတီမှ ကောင်းမြတ်ထွဋ် ၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များပါတီမှ ဦးကျော်စွာစိုး၊ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးတင်ရီနှင့်ဦးအုန်းလွင်တို့ ပူးပေါင်းပြီး ရွေးကောက်ပွဲဆိုင်ရာအတွေ့အကြုံများကိုမီဒီယာသို့ ပြောကြားခဲ့သည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် ဒီချုပ်ပါတီသည် စည်းရုံးရေးဆင်းရာတွင် နိုင်ငံရေးအရတရားမဲ့ပြုကျင့်ခဲ့ကြောင်း၊ ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားခဲ့သော်လည်း ရွေးကောက်ပွဲကော်မရှင်မှ အရေးယူဆောင်ရွက်ပေးခြင်းမရှိကြောင်း အဆိုပါ ပါတီများက ပြောသည်။
`နိုင်ငံရေးအင်အားကြီးပါတီဆိုတော့ လက်ဖျားနဲ့တောင် မထိရဲဘူး၊ ကျနော်တို့လိုပါတီငယ်တွေကနေတိုင်တော့အရေးယူဆောင်ရွက်ပေးတာမျိုးမရှိဘူး၊ ဘာသိဘာသာပဲ နေကြတယ်၊ လွတ်လပ်ပေမဲ့ တရားမျှတမှု မရှိပါဘူး`ဟု ဦးကျော်စွာစိုးက ပြောသည်။
ရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးအင်အားကြီးပါတီများကို လက်ဖျားနှင့်မထိသော်လည်းပါတီငယ်များအားစည်းကမ်းတင်းကျပ်စွာလုပ်ဆောင်စေကြောင်း ၄င်းကဆက်လက်ပြောဆိုသည်။
အဆိုပါစကားရပ်များနှင့်ပတ်သက်၍လွတ်လပ်သော ပြည်သူတစ်ဦးအနေဖြင့် လွတ်လပ်စွာ ပြောဆိုနိုင်ကြောင်းနှင့်ဖွဲ့စည်းခွင့်ရသောအဖွဲ့အစည်းတစ်ခုအနေဖြင့် စည်းရုံးရေးဆင်းခြင်းသည် တရားမျှတမှု မရှိစရာ အကြောင်း မရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနယကဦးတင်ဦးကအဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရှင်းလင်း ပြောဆိုသည်။
 “ဖွဲ့စည်းခွင့်ရပြီးလို့မှတ်ပုံတင်ပြီးနောက်ပိုင်းမှာ ရွေးကောက်ပွဲဝင်မယ်လို့လဲ ပြောလိုက်ပြီးပြီ အဲ့နောက်ပိုင်းမှာ ပါတီတစ်ခုကထောင်လိုက်ပြီးဆိုကတည်းက ပါတီစည်းရုံးရေးက လုပ်မှာပေါ့။ ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းတာကို ဘာမှခွင့်တောင်းခွင့်ပြုဖို့အတွက်နဲ့ ပတ်သက်ပြီး တရားမျှတမှုမရှိဘူးဆိုတာတော့ဘယ်ပြောလို့ဖြစ်မလဲ ရွေးကောက်ပွဲနဲ့ပတ်သက်တာကတော့ ဖွဲ့စည်းခွင့်ရတဲ့အဖွဲ့အစည်းတွေကအလံတင်တာတို့ဆိုင်းဘုတ်တင်တာတို့ ၊ ရုံးဖွဲ့တာတို့က ဘာမှမတရားဘူးဆိုတာ မရှိပါဘူး။ အဲ့တော့ သူ့အနေနဲ့က လွတ်လပ်တဲ့လူတစ်ယောက်ပဲ သူပြောချင်တာ သူပြောခွင့်ရှိတာပေါ့။သူ့စိတ်ကြိုက်သူ့ဘာသာသူ ပြောတယ်လို့ပဲ အောက်မေ့ရမှာပေါ့။” ဟု အန်အယ်လ်ဒီပါတီ နာ.ယ.က ဦးတင်ဦးက ပြောသည်။
၂၀၁၂ခုနှစ်ဧပြီလ၂၀ရက်နေ့နံနက်၁၁နာရီဝန်းကျင်တွင် ကျောက်တံတားမြို့နယ် စီးတီးစတားဟိုတယ် တွင်ပြုလုပ်သော အဆိုပါရွေးကောက်ပွဲအတွေ့အကြုံ သတင်းစာရှင်းလင်းပွဲကို သတင်းထောက် ၂၀ခန့် တက်ရောက်ခဲ့ပြီး နေ့လည် ၁နာရီဝန်းကျင်တွင် ပြီးဆုံးခဲ့သည်။




ဝင့်သင်ဇာကျော်(မြစ်မခ)
by Myit Makha Mediagroup

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။