Sunday, April 22, 2012

ပြည်တွင်းပြောင်းရွှေ့ သွားလာမှုစစ်တမ်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ ယခုနှစ်အတွင်း ကောက်ယူသွားမည် ဖြစ်ကြောင်း သိရ


ပြည်တွင်းပြောင်းရွှေ့ သွားလာမှုစစ်တမ်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ ယခုနှစ်အတွင်း ကောက်ယူသွားမည် ဖြစ်ကြောင်း သိရ
နိုင်ငံတော်၏ လုံခြုံရေး၊ စီမံခန့်ခွဲရေး ကိစ္စရပ်များ အတွက် စီမံကိန်းများရေးဆွဲရာတွင် အထောက်အကူ ပြုစေမည့် ခိုင်မာတိကျသော လူဦးရေစာရင်းဇယားများ ရရှိရန်နှင့် ပြည်တွင်း ပြောင်းရွှေ့သွားလာမှု အခြေအနေ၊ ရွှေ့ပြောင်းသွားလာသည့်လူ ဦးရေအခြေအနေကို သိရှိနိုင်ရန်အတွက် ပြည်တွင်းပြောင်းရွှေ့သွားမှု စစ်တမ်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနက ယခုနှစ်အတွင်း ကောက်ယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ၂၀၁၂ ခုနှစ်တွင် ပြည်တွင်း ပြောင်းရွှေ့သွားလာမှု စစ်တမ်း ကောက်ယူရန်အတွက် မေးခွန်းပုံစံများပြုစုခြင်း၊ နမူနာကောက်ဘောင်များရေး ဆွဲခြင်း၊ နမူနာကောက်ကွက် ရွေးချယ်ခြင်းများနှင့် စစ်တမ်း ကောက်ယူရန်အတွက် မြေပုံရေးဆွဲရေး သင်တန်းဖွင့်လှစ်ခြင်း၊ ကွင်းဆင်းမြေပုံ ရေးဆွဲခြင်း၊ စာရင်းစစ်၊ စာရင်းကောက် သင်တန်းပေးခြင်း၊ ကွင်းဆင်း စာရင်းကောက်ယူခြင်း၊ စာရင်းဇယား ပြုစုခြင်း၊ ပင်မ အစီရင်ခံစာပြုစုခြင်း ထုတ်ဝေခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ကောက်ယူခဲ့သော စစ်တမ်းများ ကို အခြေခံ၍ သက်ကြီးရွယ်အို လေ့လာမှု သုတေသနစာတမ်းနှင့် ပြည်တွင်းပြောင်းရွှေ့သွားလာမှု ၀ိသေသ လက္ခဏာများကို လေ့လာသော သုတေသန စာတမ်းများကို ထုတ်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းစမ်တမ်းများ ကောက်ယူခြင်းမှာနိုင်ငံ၏ လူဦးရေပျံ့နှံ့မှု၊ လူဦးရေစိမ့်ဝင်မှုစသည့် လူဦးရေဆိုင်ရာ အချက်အလက်များ ရရှိနိုင်ခြင်းကြောင့် နိုင်ငံတော်လုံခြုံရေးနှင့် အမျိုးသားရေးကိစ္စများကို စီမံဆောင်ရွက်ရာတွင် အထောက်အကူ ပြုနိုင်ကြောင်း၊ စီမံခန့်ခွဲရေးနှင့်လူမှု စီးပွား ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် စီမံကိန်းများကို ရေးဆွဲချမှတ် အကောင်အထည် ဖော်ရာတွင်လည်း အရေးပါကြောင်း သိရှိရသည်။ ထို့ပြင် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပညာရေး ကဏ္ဍဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်၊ အနာဂတ်မြို့ပြ စီမံကိန်းများ၊ အိမ်ရာစီမံကိန်းများ ရေးဆွဲရာတွင်လည်း ယင်းအချက်အလက်များက အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။