Sunday, April 22, 2012

ရန်ကုန်မြို့၌ အန္တရာယ်ရှိ အဖြစ် သတ်မှတ်ကာ အသစ်ပြန်လည် ဆောက်လုပ်နေသော မပြီးစီးသေးသည့် အဆောက်အအုံ စုစုပေါင်း ၈၀ ခန့်ရှိ၊ အချိန်မီမပြီးစီးဘဲ ကြန့်ကြာနေခြင်းကြောင့် ပြောင်းရွှေ့ခဲ့ရသူများ နစ်နာမှုရှိနေ

 ရန်ကုန်မြို့၌ အန္တရာယ်ရှိ အဖြစ် သတ်မှတ်ကာ အသစ်ပြန်လည် ဆောက်လုပ်နေသော မပြီးစီးသေးသည့် အဆောက်အအုံ စုစုပေါင်း ၈၀ ခန့်ရှိ၊ အချိန်မီမပြီးစီးဘဲ ကြန့်ကြာနေခြင်းကြောင့် ပြောင်းရွှေ့ခဲ့ရသူများ နစ်နာမှုရှိနေ




7297
၂၀၁၀ ပြည့်နှစ်အတွင်းက အန္တရာယ်ရှိအဖြစ် သတ်မှတ်ခဲ့ပြီး ပြန်လည် တည်ဆောက်မှု လုပ်ငန်း စတင်လျက်ရှိသည့်
ဆူးလေဘုရားလမ်းရှိ အဆောက်အအုံ နေရာကို ဧပြီလ ၂၁ ရက်နေ့က တွေ့ရစဉ်

ရန်ကုန်မြို့၌ အန္တရာယ်ရှိအဖြစ် သတ်မှတ်ခဲ့ကာ ဖြိုဖျက်၍ အသစ်ပြန်လည် ဆောက်လုပ်နေသော မပြီးစီးသေးသည့် အဆောက်အအုံ စုစုပေါင်း ၈၀ ခန့်ရှိနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ)၏  ပြီးခဲ့သည့် မတ်လကုန်တွင် ထုတ်ပြန်သော စာရင်းများ အရ သိရှိရသည်။ ယင်းအဆောက် အအုံများမှာ သတ်မှတ်ထားသည့် အချိန်အတွင်း မပြီးစီး၍ အဆောက်အအုံများမှ ပြောင်းရွှေ့ခဲ့ရသူ အိမ်ထောင်စုများစွာ နစ်နာမှုများနှင့် ကြုံတွေ့နေရသည်ဟု အန္တရာယ်ရှိ အဆောက်အအုံများမှ ပြောင်းရွှေ့ခဲ့ရသူများက ပြောကြားခဲ့သည်။
ရန်ကုန်မြို့တွင် အန္တရာယ်ရှိ  အဆောက်အအုံအဖြစ် စတင် သတ်မှတ်ခဲ့သည့် ၁၉၉၄-၁၉၉၅ ဘဏ္ဍာရေးနှစ်မှ လက်ရှိအထိ အဆောက် အအုံစုစုပေါင်း ၁၅၈၃ လုံးရှိပြီး ယင်းအထဲတွင် ၁၄၀၀ ကျော်ခန့်မှာ အသစ် ပြန်လည်ဆောက်လုပ်မှုပြီးစီး ခဲ့ပြီးဖြစ်ပြီး အဆောက်အအုံ  ၈၀ ခန့်မှာ မပြီးစီးသေးဘဲ ကြန့်ကြာမှုများရှိနေသည်ဟု သိရသည်။
အန္တရာယ်ရှိအဖြစ် သတ်မှတ်သည့် အဆောက်အအုံများကို ဖြိုဖျက် ၍ အသစ်ပြန်လည် ဆောက်လုပ်ခြင်းကို ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ၊ ပြည်သူ့ဆောက်လုပ်ရေး စသည်တို့ ပါဝင်သောအဖွဲ့များက စိစစ်၍ ဆောက်လုပ်စေခြင်း ဖြစ်ကြောင်း သိရသည်။
“အဆောက်အအုံကနေ စပြောင်းရွှေ့ပေးတုန်းက အသစ်ပြန်လည် ဆောက်လုပ်ခွင့်ရတဲ့ ကန်ထရိုက်တာ ပြောခဲ့တာတော့ အထပ်မြင့် အဆောက်အအုံသစ်ကို တစ်နှစ်ခွဲ အတွင်း အပြီးပြန်ဆောက်ပေးမယ်တဲ့။ အခုတစ်နှစ်ရှိခွဲ နီးပါးရှိနေပြီ။ အဆောက်အအုံသစ်က ဒုတိယထပ် အထိပဲ ဆောက်လုပ်တာပြီးသေးတယ်။ ကျွန်မတို့က အရောင်းအ၀ယ် လုပ်နေတဲ့သူဆိုတော့ ဆိုင်ငှားဖွင့်နေရပါတယ်။ ဆိုင်ခန်းငှားခစရိတ်တွေ ကို ကန်ထရိုက်က မပေးဘူး။ အဆောက်အအုံကနေ စပြောင်းရွှေ့တုန်း စရိတ် ဆိုပြီး ကျပ်ငါးသိန်းပဲ ထုတ်ပေးတယ်။ ကိုယ့်အခန်းလည်း ပြန်မရသေးဘူး။ ဆိုင်ခန်းလည်း ငှားပြီးဖွင့်နေရတဲ့ အတွက် ကျွန်မတို့နစ်နာပါတယ်” ဟု မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အန္တရာယ်ရှိ အဆောက်အအုံမှ ပြောင်း ရွှေ့ခဲ့ရသူ တစ်ဦးက ပြောပြခဲ့သည်။
“ကျွန်တော်တို့ အဆောက်အအုံကနေ ပြောင်းရွှေ့ခဲ့တာ နှစ်နှစ်ပြည့် ပါတော့မယ်။ အသစ်ပြန်ဆောက်တဲ့ အဆောက်အအုံကတော့ ပြီးနေပါပြီ။ အမည်ပြောင်းဖို့အတွက်ကိုလည်း   စာချုပ်ချုပ်ကတည်းက ကန်ထရိုက်ကို  ငွေသိန်း ၄၀ ပေးပြီးပါပြီ။  ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇွန်လလောက်က တည်းကအမည်ပြောင်းဖို့ပြောနေတာ အခု ၂၀၁၂ ခုနှစ် ဧပြီလရောက်နေပြီ မရသေးတဲ့အတွက် အိမ်ပေါ်တက် နေရလို့မရသေးဘူး။ ဒါလုံးဝမဖြစ်သင့်တာပါ။ အပြင်မှာ အိမ်ငှားနေရတာ ဒုက္ခရောက်ပါတယ်”ဟု မင်္ဂလာတောင်ညွှန့်မြို့နယ် သပြေကုန်း ရပ်ကွက်ရှိ အိမ်ပိုင်ရှင် တစ်ဦးက ပြောပြခဲ့သည်။ ကျောက်တံတား မြို့နယ်၊ ဆူးလေဘုရားလမ်းပေါ်ရှိ အန္တရာယ်ရှိ အဆောက်အအုံမှ ပြောင်းရွှေ့ခဲ့ရသူတစ်ဦးက “ကိုယ်နေတဲ့ အဆောက်အအုံက ဟောင်းနွမ်းနေပြီ အသစ် ပြန်ဆောက်ပေးမယ်ဆိုတော့ ၀မ်းသာမိခဲ့တယ်။ ဒါပေမယ့် အခု ၂၀၁၂ ခုနှစ်ရောက်နေပြီ အဆောက်အအုံသစ် ဆောက်ဖို့ စလုပ်နေတဲ့ အဆင့်ပဲရှိသေးတယ်။ ကျွန်တော်တို့ကို  ပြန်ဆောက်တဲ့ ကုမ္ပဏီက အခြားမှာ အိမ်ငှားနေဖို့ ပိုက်ဆံပေးပါတယ်။ ဒါပေမယ့် အဲဒီအိမ်ငှားခက မလောက်လို့  ထပ်စိုက်ရတယ်။ ကျွန်တော်တို့အနေနဲ့  ကိုယ့်အဆောက်အအုံမှာပဲ ပြန်နေချင်ပါပြီ”ဟု ပြောကြားခဲ့သည်။
အန္တရာယ်ရှိအဖြစ် သတ်မှတ်ပြီး တည်ဆောက်မှု မပြီးသေးသော အဆောက်အအုံ အချို့
၁။       အမှတ်(၃၃၄/၃၃၆)ရွှေဘုံသာလမ်း၊ပန်းပဲတန်း
၂။       အမှတ်(၆၄) ၂၈ လမ်း၊ ပန်းပဲတန်း
၃။       အမှတ်(၂၀၅) ၃၂ လမ်း၊ ကျောက်တံတား
၎။       အမှတ် ၇၅၊ ၂၈ လမ်း၊ ပန်းပဲတန်း
၅။       အမှတ်(၁၁၈/၁၂၂)၊ ဗိုလ်အောင်ကျော်လမ်း၊ ဗိုလ်တထောင်
၆။       အမှတ်(၁၈၀/၁၉၀)စက်ရုံလမ်း၊ မင်္ဂလာတောင်ညွန့်
၇။       အမှတ်(၁၅၁/၁၆၁) ဆူးလေဘုရာလမ်း၊ ကျောက်တံတား
၈။       အမှတ်(၁၂၆) စဥ့်အိုးတန်းလမ်း၊ လသာ
၉။       အမှတ် (၁၆၀/၁၆၂) ၃၂ လမ်း၊ ကျောက်တံတား

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။