Sunday, April 22, 2012

လမ်းတံတားဂိတ်ကြေးများအား နောက်လူများ လွှဲပြောင်းတာဝန်ယူ

လမ်းတံတားဂိတ်ကြေးများအား နောက်လူများ လွှဲပြောင်းတာဝန်ယူ     


 














ဥရုချောင်းတံတားဂိတ်နှင့် အောင်ပန်းဂိတ်များအား ဆောက်လုပ်ရေးဝန်ကြီးဌာနက ဒုတိယ ဦးစားပေး လုပ်ကိုင်ခွင့်ရရှိသူများကို လွှဲပြောင်း လုပ်ကိုင်စေခဲ့ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဥရုချောင်း တံတားဂိတ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်း-ပင်လောင်း လမ်းရှိ အောင်ပန်းဂိတ်များမှာ လမ်းတံတား အသုံးပြုခသတ်မှတ်နှုန်းထက် ပိုမိုကောက်ခံနေခြင်းကြောင့် ကုမ္ပဏီများအား ပေးအပ်ထားသည့် လုပ်ကိုင်ခွင့်များအား ရုပ်သိမ်းလိုက်ခြင်းဖြစ်သည်။
လမ်း၊တံတားအသုံးပြုခပိုမိုကောက်ခံခြင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ တိုင်ကြားမှုကြောင့် ယခုလို လုပ်ကိုင်ခွင့် ရုပ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း အစိုးရပိုင်သတင်းစာတွင် ဖော်ပြထားသည်။

သတ်မှတ်ဈေးနှုန်းထက် လမ်း၊ တံတား ဂိတ်ကြေးများအား(၅)ဆမှ (၁၀)ဆအထိ တိုးကောက်ခံခဲ့ခြင်းကို စစ်ဆေး တွေ့ရှိခဲ့ခြင်းကြောင့် ဖြစ်သည်။

လမ်း-တံတား ဂိတ်များကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် မတ်လတွင် လေလံပေးပြီးပုဂ္ဂလိက ကုမ္ပဏီများအား လုပ်ကိုင်ခွင့်ပေးထားခြင်းဖြစ်သည်။
၂၀၁၁-၂၀၁၂ဘဏ္ဍာနှစ်တွင် BOTစနစ်ဖြင့် လမ်းတံတားလုပ်ကိုင်ခွင့်ပြုထားသည့် လမ်းတံတားဂိတ်(၂၆၁) ဂိတ်ရှိပြီး ပိုမိုကောက်ခံပါက အရေးယူသွားမည်ဖြစ်ကြောင်း၊ လမ်း၊တံတားအသုံးပြုခ ကောက်ခံမှုများနှင့် ပတ်သက်၍ အကြောင်းကြားတိုင်တန်းလိုပါက နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း သိရှိရသည်။
တံတားအသုံးပြုခများကိုလည်း သတ်မှတ်ချက်အတိုင်း ကောက်ခံ၍တစ်နှစ်ဝင်ငွေ၏ ၈၅ ရာခိုင်နှုန်းကို နိုင်ငံဘဏ္ဍာသို့ ပေးသွင်းပြီး ၁၅ ရာခိုင်နှုန်းကို လုပ်ကိုင်ခွင့်ရရှိသူများက ခံစားကြရန်ဆောင်ရွက်ထားခြင်း ဖြစ်သည်။



 ဥာဏ်ဥာဏ်(မြစ်မခ)
by Myit Makha Mediagroup 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။