Sunday, April 22, 2012

 ဧပြီလကုန်ပိုင်းအတွင်း ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအားနည်း ရပ်ဝန်းတစ်ကြိမ် ဖြစ်ပေါ်ပြီး မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်


ဧပြီလကုန်ပိုင်းအတွင်း ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအားနည်း ရပ်ဝန်းတစ်ကြိမ် ဖြစ်ပေါ်ပြီး မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်


7298
ဧပြီလဆန်းပိုင်းက မန္တလေးမြို့တွင် အချိန်အခါမဟုတ် လေပြင်းများတိုက်ခတ်ပြီး မိုးရွာသွန်းခဲ့သည်ကို တွေ့ရစဉ်
ဧပြီလကုန်ပိုင်းအတွင်း ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအားနည်း ရပ်ဝန်းတစ်ကြိမ် ဖြစ်ပေါ်နိုင်ပြီး မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိ ပါသည်။
ဧပြီလ ၂၁ ရက်နေ့မှ ၃၀ ရက် နေ့အတွင်း အကျုံးဝင်သော ဧပြီလ တတိယ ၁၀ ရက်ပတ်အတွက် မိုး လေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ခန့်မှန်းချက်များအရ ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်း တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း သိရှိရသည်။
လက်ရှိကာလသည် မြန်မာနိုင်ငံသို့ ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းများ၏ သက်ရောက်မှုကို သတိပြုရသော မိုးကြိုကာလသို့ ရောက်ရှိနေပြီး မုန်တိုင်းကို သတိပြုရသော ပထမကာလဖြစ်သည့် မိုးကြိုကာလသည် ဧပြီလလယ်ပိုင်းမှ မေလလယ်ပိုင်းအထိ ကြာမြင့်မည်ဖြစ်သည်။
ဘင်္ဂလားပင်လယ်အော် မုန်တိုင်းများကို သတိပြုရသည့် ကာလများသည် မိုးကြိုကာလဖြစ်သည့် ဧပြီနှင့် မေ၊ မိုးလွန်ကာလဖြစ်သည့် အောက်တိုဘာနှင့် နိုဝင်ဘာလတို့ ဖြစ်သည်ဟု သိရှိရသည်။
၁၈၇၇ ခုနှစ်ကနေ ၂၀၁၁ ခုနှစ် အထိ ၁၃၅ နှစ်တာ ကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်း ၁၃၁၂ ကြိမ်ဖြစ်ပေါ်ခဲ့ကာ မြန်မာနိုင်ငံသို့ မုန်တိုင်း ၈၅ ကြိမ် ၀င်ရောက်ခဲ့ကြောင်း၊ ယင်းအနက် ၅၁ ရာခိုင်နှုန်းသည် မိုးကြိုကာလတွင် ၀င်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ပြီးခဲ့သည့် နှစ်များအတွင်း မြန်မာနိုင်ငံသည် မုန်တိုင်းသက်ရောက်မှုများကို နှစ်စဉ်လို ကြုံတွေ့ ခဲ့ရကာ ၂၀၀၆ ခုနှစ်တွင် မာလာ မုန်တိုင်း၊ ၂၀၀၇ ခုနှစ်တွင် အကာ့ရှ် မုန်တိုင်း၊ ၂၀၀၈ ခုနှစ်တွင် နာဂစ် မုန်တိုင်း၊ ၂၀၀၉ ခုနှစ်တွင် ဘစ်ဂ်ျလီ မုန်တိုင်း၊ ၂၀၁၀ ပြည့်နှစ်တွင် ဂီရိမုန်တိုင်းတို့ အသီးသီး သက်ရောက်ခဲ့ကာ ၂၀၀၈ ခုနှစ်မေလ ၂ ရက်နေ့နှင့် ၃ ရက်နေ့များက တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းမှာ မြန်မာနိုင်ငံ၏ သမိုင်းတွင် အဆိုးရွားဆုံးပျက်စီးမှုများကို ရင်ဆိုင်ခဲ့ရသည့် မုန်တိုင်းလည်း ဖြစ်သည်။
နာဂစ်မုန်တိုင်း သက်ရောက်စဉ်က ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့ ပါဝင်သည့် မြစ်ဝကျွန်းပေါ်ဒေသသည် ပျက်စီး ဆုံးရှုံးမှုအများဆုံး ဖြစ်ခဲ့ပြီး ဂီရိမုန် တိုင်းဖြစ်ပေါ်စဉ်က ရခိုင်ပြည်နယ် တွင် ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသည်။
မြန်မာနိုင်ငံသို့ မုန်တိုင်းဝင်ရောက်ခဲ့သည့် အကြိမ်ရေ (၁၈၇၇ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ)
လအမည်    အကြိမ်ရေ
ဇန်န၀ါရီ    
ဖေဖော်ဝါရီ     
ဧပြီ     ၁၅
မေ            ၂၇
ဇွန်         
အောက်တိုဘာ  ၁၅
နိုဝင်ဘာ         ၁၄
ဒီဇင်ဘာ        

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။