Sunday, April 22, 2012

ကုလားတန်စစ်တွေဆိပ်ကမ်းပြီးစီးပါက ပြည်တွင်းရေကြောင်းလိုင်းများလည်း အသုံးပြုနိုင်မည်

ကုလားတန်စစ်တွေဆိပ်ကမ်းပြီးစီးပါက ပြည်တွင်းရေကြောင်းလိုင်းများလည်း အသုံးပြုနိုင်မည်



ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အိန္ဒိယနိုင်ငံESSAR ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်နေသည့် ကုလားတန် စစ်တွေ ဆိပ်ကမ်းကို  အိန္ဒိယနိုင်ငံကအသုံးပြုမည့်အပြင် ပြည်တွင်းရေကြောင်းလိုင်းများအတွက်လည်း အသုံး ပြုနိုင်မည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်တစ်ဦးကပြောသည်။

“စစ်တွေပင်လယ်ကူး သင်္ဘောဆိပ်ဘေးမှာ သင်္ဘောဆိပ်တစ်ခုသူ့တို့ဆောက်ပေးမယ်၊ အဲဒီဆောက်တဲ့ သင်္ဘော ဆိပ်ကို သူတို့လဲသုံးမယ်  ကျနော်တို့ နိုင်ငံက သင်္ဘောတွေလဲသုံးမယ် ၊ ဒီသင်္ဘောဆိပ်ကြီး ဆောက်ပြီးလို့ရှိရင် last target  အနေနဲ့ ၂၀၁၃ ဇွန်လကုန်ရင် Last target ထားမှာ၊၂၀၁၃ last target ပြီးတဲ့ အခါ ဒီဆိပ်ခံ သင်္ဘောဆိပ်ကြီးကို မြန်မာအစိုးရ ဆိပ်ကမ်းအာဏာပိုင်သို့ လွဲပေးရမှာ ဖြစ်ပါတယ်” ရခိုင်ပြည်နယ် အစိုးရဖွဲ့ဝင် ဦးလှသိန်း(ပြည်နယ်ဥပဒေချုပ်)က ပြောသည်။
အိန္ဒိယနိုင်ငံက အကောင်အထည် ဖော်ဆောင်နေသည့် စစ်တွေဆိပ်ကမ်းသည်အိန္ဒိယနိုင်ငံ၏အရှေ့မြောက် ဒေသရှိပြည်နယ်များအတွက် ကုန်စည်များသယ်ယူပို့ရာတွင် အထောက်အကူပြုမည်ဖြစ်ကြောင်း ဦးလှသိန်းက ပြောသည်။
လက်ရှိတွင်ဆိမ်းကမ်းအတွက်အကြီးစားပြင်ဆင်မှုများပြုလုပ်လျှက်ရှိပြီးအလားတူ ပလက်ဝမြို့တွင်လည်းဆိပ်ကမ်းတစ်ခုဆောက်လုပ်ရန် မြေသားတိုင်းတာမှုများလည်း လုပ်ဆောင်လျှက်ရှိသည်။
“စီမံကိန်းစတင်ပေါ်ပေါက်လာတာက  အိန္ဒိယ အစိုးရ အနေနဲ့ သူတို့ရဲ့ မီဇိုရမ်ပြည်နယ်ကို နယူးဒေလီ ကနေပြီးတော့ ပံ့ပိုးမဲ့ ပစ္စည်းတွေကို ပို့တဲ့အခါ ကုန်းကြောင်းဆိုလို့ရှိရင် အကုန်ကျ အရမ်းများမယ်၊ များတဲ့ အခါ ကုန်းကြောင်းကမဟုတ်ဘဲ မြန်မာနယ်စပ်ဖြစ်တဲ့ ပလက်ဝကနေပြီးတော့  မီဇိုရမ်ကိုသွားမယ်ဆိုလို့ရှိရင်ကုန်ကျစရိတ်အများကြီးသက်သာမယ်လို့သူတို့ဘက်ကတွေးတာပေါ့၊ အိန္ဒိယကနေပြီးတော့ ပစ္စည်းတွေကို ပင်လယ်ကူးတဲ့  သင်္ဘောတွေနဲ့စစ်တွေကိုပို့မယ်၊စစ်တွေက နေပလက်ဝထိကို ပြည်တွင်း ရေကြောင်း နဲ့ပို့မယ်ပလက်ဝကနေပြီးတော့မီဇိုရမ်ကိုကားလမ်းနဲ့သွားမယ်ဆိုပြီးတော့သူတို့ဘက်က အဆိုပြုထားတယ်”ဟု ဦးလှသိန်း ကရှင်းပြသည်။
တန်ဖိုးအားဖြင့်အမေရိကန်ဒေါ်လာ(၇၆)သန်းရှိသည့် ကုလားတန်စီမံကိန်းနှင့်ပတ်သက်၍ဝေဖန် ထောက်ပြမှုများ ရှိခဲ့ပြီး ကုလားတန်မြစ် ကြောင်းတစ်လျှောက်  ရေတိမ်မြစ်ကြောင်းများကို ရှင်းလင်းရမည်ဖြစ်ရာသဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးလာနိုင်ဖွယ်ရှိကြောင်းလည်း ကုလားတန်စီမံကိန်းနှင့်ပတ်သက်၍ လေ့လာသူ အချို့ကဆိုသည်။
 ၂၀၁၀ခုနှစ်စက်တင်ဘာလအတွင်းကစတင်အကောင်အထည်ဖော်ခဲ့သည် စစ်တွေဆိပ်ကမ်းသည်တန်ချိန်(၂၀၀၀၀)သင်္ဘောများဆိပ်ကပ်နိုင်မည်ဖြစ်ရာ စစ်တွေဆိပ်ကမ်းတည်ဆောက်ရာတွင်  အိန္ဒိယ ရူပီ ၁၁.၂၅ ဘီလီယံ ကုန်ကျမည်ဟုသိရသည်။
ကုလားတန်စီမံကိန်းနှင့်ပတ်သက်၍ ဒေသခံအများစုမှာ သိရှိမှုအားနည်းနေ ကြောင်း လေ့လာသူအချို့၏ အပြောအရသိရသည်။









ကိုမိုးဝေ(မြစ်မခ- ရခိုင်ပြည်နယ်)
by Myit Makha Mediagroup 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။