Tuesday, September 11, 2012

မွေးမြူရေးလုပ်ငန်းများတွင် လက်ဝါးကြီး အုပ်လွှမ်းမိုးထားမှုများကို ယှဉ်ပြိုင်နိုင်ရန် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်မှ အများပိုင်ကုမ္ပဏီ ဖွဲ့စည်းသွားမည်


မွေးမြူရေးလုပ်ငန်းများတွင် လက်ဝါးကြီးအုပ် လွှမ်းမိုးထားမှု၊ ဈေးကွက်ချုပ်ကိုင်ထားမှုများကို ယှဉ်ပြိုင်နိုင်ရန် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ အများပိုင်ကုမ္ပဏီ ဖွဲ့စည်းဆောင်ရွက်သွားရန် စီစဉ်နေကြောင်း အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

''အသားစားကြက်နယ်ပယ်မှာဆို ကုမ္ပဏီတစ်ခုနှစ်ခုက လွှမ်းမိုးထားတာကြာနေပါပြီ။ ဒါတွေကိုယှဉ်ပြိုင်နိုင်ဖို့ အဖွဲ့အစည်းကို မဖြစ်မနေ လုပ်ရတော့မှာပါ။  မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်က အများပိုင်ကုမ္ပဏီ ဖွဲ့စည်းဖို့ စီစဉ်နေပါတယ်။ အခုဆို  အသားစားကြက် ပေါက်ဈေးက ကျပ် ၆၀၀-၇၀၀ ရှိနေတယ်။ ဈေးမြင့်တဲ့ အနေအထားပါ။ ကြက်ပေါက်ဈေးမြင့်တဲ့အပြင် မွေးမြူသူတွေက အစာဝယ်ရတာလည်း ဈေးကြီးတယ်။ မွေးမြူသူတွေအတွက် စီးပွားရေး တွက်ခြေမကိုက်တော့ဘူး။ သူ တို့ဆီက အစာဝယ်မှ ကြက်ပေါက်ရောင်းပေးတာမျိုးလည်း ရှိနေပါတယ်။ ဒီလိုမျိုးဈေးကွက်ကို တစ်ဦးတစ်ဖွဲ့က လွှမ်းမိုးထားတာကို ယှဉ်ပြိုင်ဖို့ လိုအပ်နေပါတယ်''ဟု မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိ ယဥက္ကဋ္ဌ ဦးဝင်းစိန်က ပြောကြားခဲ့သည်။
အများပိုင်ကုမ္ပဏီ ဖွဲ့စည်းရန်အတွက် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့သို့ တင်ပြထားပြီးဆုံး ဖြတ်ချက်ကျပါက အများပိုင်ကုမ္ပဏီ ဖွဲ့စည်းရန် လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လည်း သိရှိရသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ မွေးမြူရေးကဏ္ဍသို့ ၀င်ရောက်လာပါက အကျိုးတူ ဖက်စပ်လုပ်ကိုင်ရန်အတွက် နိုင်ငံသားများအနေဖြင့် တစ်ဦးတစ်ယောက်တည်း၊ ကုမ္ပဏီတစ်ခုတည်းက အရင်းအနှီး ထည့်ဝင်ငွေစိုက်ထုတ်မှု ပြုလုပ်နိုင်မှု နည်းပါးခြင်း ကြောင့် အများပိုင်ကုမ္ပဏီ ဖွဲ့စည်းလုပ်ကိုင်မှသာ အဆင်ပြေနိုင်မည်ဖြစ်ကြောင်းလည်း သိရှိရသည်။
အများပိုင်ကုမ္ပဏီ တည်ထောင်ရာတွင် မတည်ငွေရင်းပမာဏ အနည်းဆုံး ကျပ်သန်းငါးရာ ရှိရမည်ဖြစ်ပြီး အများနှင့်သက်ဆိုင်သော ကုမ္ပဏီများ၏ ငွေရေးကြေးရေးဆိုင်ရာ သတင်းအချက်အလက်များကို အများပြည်သူ ထင်သာမြင်သာရှိစေရန် ထုတ်ပြန်ကြေညာရမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အများပြည်သူတို့၏ ငွေကြေးရင်းနှီးမြှုပ်နှံမှုများ တိုးပွားလာစေရန် ငွေရေးကြေးရေး လုပ်ငန်းများနှင့် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းများကို သက်ဆိုင်ရာ တည်တဲဥပဒေနှင့် ယင်းဥပေဒအရ သတ်မှတ်ချက်များနှင့်အညီ အများနှင့်သက်ဆိုင်သော  ကုမ္ပဏီများက လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး အများနှင့်သက်ဆိုင်သော ကုမ္ပဏီများ၏ ငွေရေးကြေးရေးဆိုင်ရာ သတင်းအချက်အလက်များကို နိုင်ငံတကာ ဘဏ္ဍာရေးအစီရင်ခံစာ ထုတ်ပြန်ခြင်းဆိုင်ရာစံများ (International Financial Reporting Standard) များအတိုင်း ပြုစုပြီး အများပြည်သူ ထင်သာမြင်သာရှိစေရန် ထုတ်ပြန်ကြေညာရမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။