Tuesday, September 11, 2012

ကိုရီးယားသို့ ပြည်ဝင်ခွင့်မရသော မြန်မာ အလုပ်သမား ၇၀ ကျော်ရှိ


မြန်မာလုပ်သားများ ကိုရီးယားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ရာ တွင် ပြည်ဝင်ခွင့် မရသော မြန်မာလုပ်သား ၇၀ ကျော်ရှိကြောင်း အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီမှ တာဝန်ရှိသူ အရာရှိတစ်ဦးက ပြောသည်။
ကိုရီးယားသို့ ပြည်ဝင်ခွင့်မရသော မြန်မာ လုပ်သားများမှာ ယခင်ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ခဲ့စဉ်၌ ဗီဇာသက်တမ်း ကျော်လွန်၍ တရား မဝင် နေထိုင်ခဲ့ကြပြီး ပြည်တွင်းသို့ ပြန်လည် ရောက်ပြီးနောက် အမည်၊ မွေးသက္ကရာဇ်တို့အား ပြောင်းလဲ၍ နိုင်ငံကူးလက်မှတ် အသစ်ဖြင့် အဆိုပါ နိုင်ငံသို့ ထပ်မံသွားရာ ကိုရီးယားနိုင်ငံ အင်ချွန်းလေဆိပ်ရှိ လူဝင်မှု ကြီးကြပ်ရေးဌာနက စစ်ဆေးတွေ့ရှိ၍ ပြန်လည် စေလွှတ်ခြင်းဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။ “ဟိုနိုင်ငံရဲ့ လေဆိပ်ကျမှ Immigration ဖြတ်တော့မှ နဂိုက သူတို့ရဲ့ ဓာတ်ပုံတွေနဲ့ အချက်အလက်တွေ အားလုံးရှိတော့ ပြန်လွှတ်ခံရတာ။ လေဆိပ်ကပဲ ပြန်လာရတာ။ များသောအားဖြင့် ဟိုဘက်လေဆိပ်မှာ မိတာများတယ်” ဟု အထက်ပါ အရာရှိတစ်ဦးက ပြောသည်။ လက်ရှိ ကိုရီးယားနိုင်ငံသို့ ပို့ပေးထားသော မြန်မာလုပ်သား ၅၃၀၀ ကျော်ထဲမှ ပြည်ဝင်ခွင့်မရသဖြင့် ပြန်လည် စေလွှတ်ခံရသူ ၇၀ ကျော်ရှိခြင်းဖြစ်သည်။
“အဲဒီလို မမှန်ကန်တဲ့ နည်းလမ်းတွေနဲ့ သွားရင် မြန်မာနိုင်ငံသားတွေအပေါ် အထင်သေးစရာ ဖြစ်တယ်။ အခြား မြန်မာလုပ်သားတွေ အတွက်လည်း ပုံရိပ် မကောင်းဘူး။ ပြည်ဝင်ခွင့်ရပြီး မိမိရဲ့ လုပ်ငန်းဌာနမှ အလုပ်ရှင်နှင့် သဘောတူညီမှု မရဘဲ တရားမဝင် ထွက်ခွာသွားတာ၊ ထွက်ပြေးတာမျိုးတွေ မပြုလုပ်ဖို့ လိုပါတယ်။ ထွက်ပြေးတော့ နိုင်ငံလည်း သိက္ခာကျတယ်။ နောက်လူတွေလည်း အလုပ်အကိုင် အခွင့်အလမ်းရဖို့ ခက်ခဲသွားမယ်” ဟု ၎င်းက ဆိုသည်။ လက်ရှိတွင် ကိုရီးယားနိုင်ငံသို့ စတုတ္ထအကြိမ်အဖြစ် လုပ်သားစေလွှတ်ရာတွင် ကိုရီးယား ဘာသာစကား EPS-Topik စာမေးပွဲ စစ်ဆေး၍ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်း အလုပ်ခေါ်ရာ၌ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းကို ပိုမို အလုပ်လျှောက်သူ များနေသည်။ ထို့အပြင် အစိုးရ အေဂျင်စီအနေဖြင့် အလုပ်လျှောက်လွှာများအား ကိုရီးယား HRD အဖွဲ့အစည်းသို့ အွန်လိုင်းမှတစ်ဆင့် ပေးပို့ကာ အလုပ်ရှင်ဘက်မှ ရွေးချယ်သူများအတွက် အလုပ်ခေါ်စာ ရမည်ဖြစ်ကြောင်း သိရသည်။
“တချို့က မြန်မြန်သွားချင်တော့ ပွဲစားတွေရဲ့ ယုံကြည်လောက်အောင် ပြောဆိုမှုကို နားယောင်ပြီး ငွေအလိမ်ခံရတာမျိုးတွေ ဖြစ်တတ်တယ်။ ဟိုဘက်က အလုပ်ရှင်က ရွေးချယ်မှ သေချာတာ။ ပွဲစားနဲ့လုပ်တာ အသုံးမဝင်ဘူး” ဟု ၎င်းက ထပ်မံ ပြောကြားသည်။ ယခုနှစ် သြဂုတ်လအထိ ကိုရီးယားနိုင်ငံမှ အလုပ်ခေါ်စာရရှိသူ ၅၈၀၀ ကျော်ရှိခဲ့ပြီး သွားရောက် အလုပ်လုပ်ကိုင်သူ ၅၃၀၀ ကျော်ရှိကာ ပြည်ဝင်ခွင့်မရဘဲ ပြန်လည်စေလွှတ်ခံရသူ ၇၀ ကျော်ရှိခဲ့ကြောင်း အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိသည်။ ယခင်အလုပ်ခေါ်ရာ၌ ကုန်ထုတ်လုပ်မှု လုပ်ငန်းအား အဓိကခေါ်ဆိုခဲ့ပြီး ယခုအခါ စိုက်ပျိုးမွေးမြူရေး လုပ်ငန်း အပါအဝင် ဆောက်လုပ်ရေး လုပ်ငန်းတို့အတွက် ပိုမို ခေါ်ယူလာသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။