Tuesday, September 11, 2012

 ဟံသာဝတီလေဆိပ်သစ် တည်ဆောက်ရေးလုပ်ငန်းများ ၂၀၁၃ ခုနှစ်တွင် စတင်မည်



74913
ဟံသာဝတီလေဆိပ် ပုံစံငယ်အားတွေ့ရစဉ်
ဟံသာဝတီလေဆိပ်သစ် တည်ဆောက်ရေးလုပ်ငန်းများအား ၂၀၁၃ခုနှစ်တွင် စတင်နိုင်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်က စက်တင်ဘာလ ၅ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် လေကြောင်းပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့ပသည်။

"ရန်ကုန်လေဆိပ်နဲ့ မန္တလေးလေဆိပ်မှာ ခရီးသည်ဝင်ရောက်မှု နှစ်စဉ်တိုးတက်လျက်ရှိပါတယ်။ ခုချိန်မှာ မြန်မာနိုင်ငံကို လာချင်တဲ့ ခရီးသွားဧည့်သည်တွေ အများအပြား ရှိနေတာကြောင့် လေကြောင်းသယ်ယူ ပို့ဆောင်ရေးဈေးကွက်မှာ ဈေး ကွက်ချဲ့ထွင်စရာ မလိုအောင်ကို အခြေအနေကောင်းနေပါတယ်။ တိုးတက်များပြားလာတဲ့ ခရီးသည်တွေနဲ့ လုံလောက်မှုရှိမယ့် လေဆိပ်သစ်တည်ဆောက်ဖို့ မဖြစ်မနေ လိုအပ်လာချိန်မှာ ဟံသာဝတီလေဆိပ်ကို တည်ဆောက်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ ဟံသာဝတီလေဆိပ် တည်ဆောက်ရေးလုပ်ငန်းတွေကိုလည်း ၂၀၁၃နှစ်မှာ စတင်နိုင်တော့မှာပါ'ဟု ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်က ပြောပါသည်။
ဟံသာဝတီလေယာဉ်ကွင်းသည် ရန်ကုန်မြို့မှ မိုင် ၅၀ကွာ ဝေးပြီး၊ ပဲခူးမြို့၏ အနောက်ဘက် ၂ မိုင် အကွာတွင် တည်ရှိသည်။ ယင်းနေရာတွင် ကိုရီးယားနိုင်ငံ Archon & Interregional Inv estment Limited မှ အပြည်ပြည်ဆိုင်ရာ လေ ယာဉ်ကွင်းနှင့် လေဆိပ်တည်ဆောက်ရေးအတွက် ၁၉၉၄ ခုနှစ် မတ်လ ၂၁ရက်နေ့က လုပ်ငန်းများဆောင်ရွက်နိုင်ရန် ပန္နက်တင်အခမ်းအနား ပြုလုပ်ခဲ့ပြီး၊ အကြောင်းအမျိုးမျိုးကြောင့် တည်ဆောက်ရေးလုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့ရကြောင်း သိရ သည်။
ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်တည်ဆောက်နိုင်ရန် အကြိုအရည်အချင်း စစ်ဆေးသည့်အဖွဲ့၊ တင်ဒါစိစစ်ရေးအဖွဲ့၊ တင်ဒါရွေးချယ်သည့်အဖွဲ့ဟူ၍ လုပ်ငန်းအဖွဲ့သုံးဖွဲ့အား ဖွဲ့စည်းလုပ်ဆောင်လျက်ရှိသည်။
ဟံသာဝတီလေဆိပ်အား ပထမအဆင့်အနေဖြင့် ခရီးသည် ၁၀သန်း အသုံးပြုနိုင်မည့် ဒီဇိုင်းပုံစံအား အကောင်အထည်ဖော်သွားမည်ဟု သိရသည်။ ထို့ပြင် ခရီးသည် ၀င်ရောက်မှုပေါ်မူတည်၍ ပြေးလမ်းနှင့် လေဆိပ်အဆောက်အုံများ ထပ်မံတိုးချဲ့တည်ဆောက်သွားမည် ဟု သတင်းရရှိပါသည်။
လက်ရှိအချိန်၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ခရီးသည်ဝင်ရောက်မှုနှုန်း ပုံမှန်တိုးတက်လျက်ရှိရာ လက်ရှိနှုန်းအတိုင်း ဆက်လက်တိုးတက်မည်ဆိုပါက ၂၀၁၂ခုနှစ် အကုန်တွင် ခရီးသည် လက်ခံနိုင်သည့် ပမာဏအားကျော် လွန်သွားမည်ဖြစ်သည်ဟု သိရသည်။
ရန်ကုန်လေဆိပ်သည် လာမည့်သုံးနှစ်အကြာတွင် ခရီးသည် ၀င်ထွက်မှုမှာ ၈သန်းအထိ တိုးတက်လာချိန်တွင် ဟံသာဝတီလေဆိပ်အား စတင်အသုံးပြုနိုင်ရန် တည်ဆောက်သွားမည်ဟု သိရသည်။
ထို့ကြောင့် ဟံသာဝတီလေဆိပ်အား ဒီဇိုင်းရေးဆွဲရာတွင် ပထမအဆင့် ခရီးသည် ၁၀ သန်းအတွက် ပြေးလမ်းတစ်ခုနှင့် လေဆိပ်အဆောက်အအုံကို ပထမတစ်ခြမ်းတွင် ဆောက်လုပ်ရန်ရေးဆွဲခဲ့သည်။ ခရီးသည်ဝင်ထွက်သွားလာမှု ၁၅သန်းအထိ တိုးတက်များပြားလာခဲ့လျှင် ဒုတိယအဆင့်အနေဖြင့် ပြေးလမ်းတစ်ခုနှင့် လေဆိပ်အဆောက်အအုံကို နောက်ထပ်တစ်ခြမ်းတွင် ထပ်မံဆောက်လုပ် သွားမည်ဖြစ်သည်။ ထို့အပြင် နောက်ထပ် ၁၀ နှစ်ကြာ မြင့်ချိန်တွင် ခရီးသည်အနေအထားမှာ ၂၅သန်းအထိ တိုးတက်များ ပြားလာခဲ့ပါက ပြေးလမ်းနှင့် လေ ဆိပ်အဆောက်အအုံများ ထပ်မံတိုးချဲ့ဆောက်လုပ်သွားရန် ဒီဇိုင်းများရေးဆွဲထားသည်ဟု သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။