Tuesday, September 11, 2012

အချိန်ပို သတ်မှတ်စည်းကမ်း မလိုက်နာ၍ စက်ရုံ ၁၀၀ ကျော်အား သတိပေးဟုဆို


စက်ရုံ၊ အလုပ်ရုံ လုပ်သားများ၏ သတ်မှတ် အချိန်ပို နာရီအပေါ် စည်းကမ်း လိုက်နာမှု မရှိသည့် စက်ရုံပေါင်း ၁၀၀ ကျော်အား သတိပေးလက်မှတ် ထိုးခိုင်း ထားကြောင်း အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစိစစ်ရေး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောကြားသည်။ ယခင်က လုပ်သားများအား လုပ်ငန်း လိုအပ်ချက်အရ အချိန်ပိုနာရီအား တစ်ရက်လျှင် လေးနာရီဖြင့် အလုပ်ဆင်းစေခဲ့ပြီး သြဂုတ်လ လဆန်းပိုင်းမှစ၍ လက်ရှိ တည်ဆဲဥပဒေ (၁၉၃၅ ခုနှစ်ဥပဒေ) အတိုင်း တစ်ရက်လျှင် နှစ်နာရီ တစ်ပတ်လျှင် ၁၆ နာရီ အချိန်ပိုအား ပြန်လည် သတ်မှတ်ခဲ့သည်။
လက်ရှိ စည်းကမ်းလိုက်နာမှု မရှိသည့် စက်ရုံများထဲတွင် အထည်ချုပ်စက်ရုံများ ပိုများသည်။ “သတိပေးလက်မှတ် ရေးထိုးပြီး ထပ်မံမဖြစ်အောင် ကြပ်မတ် ဆောင်ရွက်ထားတယ်။ နောက်တစ်ခါ ထပ်လုပ်ရင် အရေးယူ ဆောင်ရွက်သွားမှာပါ” ဟု ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောကြားသည်။ အချို့စက်ရုံများမှာ အလုပ်သမားများကို ညလုံးပေါက် အလုပ်ဆင်းပါက အချိန်ပိုကြေး သုံးဆ၊လေးဆပိုပေးခြင်းကြောင့် လုပ်သားအများစုမှာ အလုပ်ဆင်းခဲ့ပြီး ကိုယ်ပိုင်လွတ်လပ်ခွင့်အချိန် နည်းခြင်းကြောင့် ကျန်းမာရေး ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့၍ လုပ်သားများ ရေရှည်ကျန်းမာရေး၊ လူမှုရေး၊ မိသားစုအရေးတို့ ပိုမို ဆောင်ရွက်နိုင်စေရန် ယခုကဲ့သို့ အချိန်ပိုနာရီအား ပြန်လည် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ “ဒီမိုကရေစီခေတ်မှာ လိုအပ်ချက်တွေကို ဥပဒေအတိုင်း ကျော်ပြီး မည်သူ့ကိုမှ ခွင့်မပြုနိုင်တဲ့အတွက် ထိန်းကျောင်း ဆောင်ရွက်ပေးခြင်း ဖြစ်တယ်။ အရင် အိုတီအချိန် လေးနာရီကို ၁၉၈၃ ခုနှစ်က လုပ်ငန်းလိုအပ်ချက်အရ သီးခြားညွှန်ကြားချက်နဲ့ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
ယခုကဲ့သို့ အချိန်ပို လျော့သွားခြင်းဖြင့် အလုပ်သမားတစ်ဦး အနေဖြင့် ယခင်ထက် အလုပ်ချိန် ခြောက်နာရီမှ ရှစ်နာရီထိ လျော့ကျသွားနိုင်ပြီး ၎င်းတို့၏ အချိန်ပိုကြေးအပြင် အခြား အကျိုးခံစားခွင့်၊ ကုန်ထုတ်လုပ်မှုကြေးပါ လျော့နည်းသွားနိုင်ကြောင်း လက်ဝါးအထည်ချုပ် စက်ရုံပိုင်ရှင် ဒေါက်တာခင်မောင်အေးက ပြောသည်။ “အိုတီကြေး လျော့သွားတဲ့အတွက် ဝန်ထမ်းတစ်ဦးကို ရှစ်ထောင်နဲ့ တစ်သောင်းကြားလောက် လျော့သွားနိုင်မယ်။ အရင်လို မပေးနိုင်တဲ့အတွက် ဝန်ထမ်းတွေ လက်ခံနိုင်ပါ့မလားပဲ စိုးရိမ်တယ်” ဟု ဒေါက်တာ ခင်မောင်အေးက ပြောသည်။ မြန်မာနိုင်ငံရှိ စက်ရုံအလုပ်သမားများ၏ လုပ်ခလစာမှာ အခြားနိုင်ငံများနှင့် ယှဉ်လျှင် နည်းပါးနေသေးသည်။
ထို့ကြောင့် အလုပ်သမားအချို့မှာ အချိန်ပိုဆင်း၍ လုပ်ခတိုးရရန် ကြိုးပမ်းလေ့ ရှိကြသည်။ ယခုကဲ့သို့ အချိန်ပိုနာရီ ရုတ်တရက် ပြောင်းလဲမှုကြောင့် လုပ်ငန်း လည်ပတ်ရာ၌ အခက်အခဲများ ဖြစ်ပေါ်ကာ နေ့ဆိုင်းညဆိုင်း ခွဲခြားပြုလုပ်သော်လည်း လုပ်ငန်းလည်ပတ်မှု တွင်ကျယ်မှုရှိမည် မဟုတ်ကြောင်း ၎င်းတို့က ဆိုသည်။ “နောက်အော်ဒါတွေ လက်ခံရင်တော့ အရင်ထက် ၁၀ ရာခိုင်နှုန်းလောက် လျော့ပြီး ယူရတော့မှာ။ အဲဒီတော့ ကျွန်တော်တို့ဝင်ငွေ လျော့သလို ဝန်ထမ်းတွေလည်း အချိုးကျ လျော့နည်းသွားတာပေါ့။ သူတို့ဘက်က တစ်ပတ်လောက်တော့ ကြိုအသိပေးတယ်။ ဒါပေမဲ့ မလုံလောက်ဘူး။ ၃ ၄ လလောက် ကြိုတင် အသိပေးသင့်တယ်” ဟု လက်ဝါးအထည်ချုပ် စက်ရုံမှ ဒေါက်တာ ခင်မောင်အေးက ပြောသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။