Tuesday, September 11, 2012

ABSDF(မြောက်ပိုင်း)စခန်းမှ လူသတ်မှု များ တရားဥပဒေကြောင်းအရ ရှင်းမည်


မြောက်ပိုင်းပြန် ကျောင်းသား ရဲဘော်ဟောင်းများက အဆိုပါ ဖြစ်ရပ်များ အတွက် လူပုဂ္ဂိုလ် ၁၃ ဦးအား စွပ်စွဲလိုက်သည် ABSDF (မြောက်ပိုင်း) စခန်းတွင် ၁၉၉၂ ခုနှစ်ဝန်းကျင်က ဖြစ်ပွားခဲ့သည့်ကိစ္စများနှင့် ပတ်သက်ပြီး တရား ဥပဒေကြောင်း အရ ဖြေရှင်း သွား မည်ဖြစ်ကြောင်း မြောက်ပိုင်းပြန် ကျောင်းသား ရဲဘော်ဟောင်းများက ပြောသည်။
ABSDF (သို့မဟုတ်) မ.က.ဒ.တ ဟု လူသိ များသော မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး၏ မြောက်ပိုင်း စခန်း ဖြစ်သည့် ကချင်ပြည်နယ်၊ ပါဂျောင်ဒေသတွင် ၁၉၈၈ ခုနှစ်နောက်ပိုင်း တောခိုသွားသည့် ကျောင်းသားများ အချင်းချင်း တပ်မတော် ထောက်လှမ်းရေးမှ လွှတ်လိုက်သည့် သူများဟု စွပ်စွဲကာ ဖမ်းဆီး၊ စစ်ဆေးသတ်ဖြတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ပြန်လည်ထွက်ပြေး လွတ်မြောက်လာသူများက ဆိုသည်။ ပြန်လည်ထွက်ပြေး လွတ်မြောက်လာသူများ၏ အဆိုအရ တပ်ဖွဲ့ဝင် ၃၀၀ ခန့်ရှိသည့် အဆိုပါ စခန်းတွင် ထောက်လှမ်းရေးဟု စွပ်စွဲကာ လူ ၁၀၇ ဦးခန့် ဖမ်းဆီး စစ်ဆေးခံခဲ့ရကြောင်း၊ဖမ်းဆီးခံရသူများ အနက်မှ ၁၉၉၂ ဖေဖော်ဝါရီလ ၁၂ ရက်တွင် တစ်ပြိုင်တည်း အသတ်ခံရသူ ၁၅ ဦးအပါအဝင် လူ ၃၉ ဦးမှာ ၁၉၈၉ မှ ၁၉၉၂ ခုနှစ်အတွင်း အသတ်ခံခဲ့ရကြောင်း၊ ဖမ်းဆီးခံနေရစဉ် အတွင်း ဆိုးရွားသည့် ညှဉ်းပန်းနှိပ်စက်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကြုံတွေ့ခဲ့ရကြောင်း မြောက်ပိုင်းပြန်များက ဆိုသည်။
အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး မြောက်ပိုင်းပြန်များက သြဂုတ်လ ၃၁ ရက်တွင် “၉၂ ပါဂျောင်ရှင်းတမ်း” အမည်ရှိ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနေသည့် ဒေါက်တာနိုင်အောင် အပါအဝင် လူပုဂ္ဂိုလ် ၁၃ ဦးကို ညှဉ်းပန်းသတ်ဖြတ်မှုများ အတွက် တာဝန်ရှိသူများ ဖြစ်ကြောင်း စွပ်စွဲထားသည်။ ယင်းဖြစ်စဉ်များနှင့် ပတ်သက်ပြီး အမှုဖွင့် တရားစွဲဆိုမှုများ ပြုလုပ်ရန် ကြိုးစားနေကြောင်း၊ အမှုဖွင့်ရာတွင် အခြားသူများအား စွပ်စွဲတိုင်ကြားသည့် အမှုကို လက်ခံခဲ့သော်လည်း ဒေါက်တာနိုင်အောင် အမည်တပ်ကာ စွဲဆိုသောအမှုကို ခွင့်မပြုသေးကြောင်း၊ တာဝန်ရှိသူဟု စွပ်စွဲခံရသူများအား ပြည်ဝင်ခွင့်ပေးသော်လည်း ဖမ်းဆီး စစ်ဆေးခံခဲ့ရသည့်သူ အချို့ ပြည်ဝင်ခွင့် ငြင်းပယ်ခံခဲ့ရကြောင်း မြောက်ပိုင်းပြန် တစ်ဦးဖြစ်သူ ဦးဆမားညီညီက ပြောသည်။
“ကျွန်တော်တို့ဘက်က သို့လော၊သို့လော တွေးစရာလေးတွေ ဖြစ်လာတာက ဘာလဲ။ ဒေါက်တာနိုင်အောင် နာမည်ပါလို့လား။ အဲဒီလိုဆိုရင်တော့ ကျွန်တော်တို့က အမျိုးသား လူ့အခွင့်အရေးကောင်စီ ဆိုတာကို ကျော်ပြီးတော့မှ နိုင်ငံတကာ လူ့အခွင့်အရေး ကောင်စီကို သွားရလိမ့်မယ်။ နိုင်ငံတကာ တရားရုံးကို သွားရလိမ့်မယ်” ဟု ကိုဆမားညီညီက သေဆုံးသူများအတွက် ဒေါက်တာနိုင်အောင် တာဝန်ရှိကြောင်း တိုင်ကြားမှုများကို ခွင့်မပြုခြင်းနှင့် ပတ်သက်၍ ပြောကြားသည်။ မြောက်ပိုင်းပြန်များက ယင်းဖြစ်စဉ်များနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ဒေါက်တာနိုင်အောင် အပါအဝင် လူ ၁၃ ဦးသည် တာဝန်ရှိသူများဖြစ်ကြောင်း ၎င်းတို့က စွပ်စွဲထားသည်။ ၎င်းတို့ ထုတ်ပြန်သည့် တာဝန်ရှိသူ ၁၃ ဦးစာရင်းတွင် ရော်နယ်အောင်နိုင်၊ သံချောင်း (ခ) မြင့်စိုး (ခ) စဝ်ခွန်ကျော်၊ ကျော်ကျော်၊ မျိုးဝင်း၊ လှဆိုင်း၊ အောင်ကြီး၊ စိန်အေး၊ နေထွန်း၊ ထွန်းဇော်၊ ဇော်ဇော်မင်း၊ အောင်စိုးမြင့်၊ ကျော်ထင်ဦး အစရှိသူများ ပါဝင်သည်။ လူ ၄၀ နီးပါး သေဆုံးခဲ့ပြီး လူပေါင်းများစွာ နှိပ်စက်ညှဉ်းပန်းခံခဲ့ရသည်ဟု ကာယကံရှင်များက ဆိုသည့် အဆိုပါဖြစ်စဉ်တွင် တာဝန်ရှိသူများအနက် တစ်ဦးဟု စွပ်စွဲခံရသော ဒေါက်တာနိုင်အောင်ကမူ အဆိုပါ ဖြစ်စဉ်များ ဖြစ်ပွားပြီးချိန်မှ သိရှိရခြင်းဖြစ်ကြောင်း ၎င်းမြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည့် သြဂုတ်လ ၃၁ ရက်ပြုလုပ်သော လေဆိပ်သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“သူတို့ဆုံးဖြတ်ပြီးမှ ကျွနတော်တို့ သိရတဲ့ကိစ္စ၊ ကျွန်တော် သိရတဲ့အချိန်မှာ ကျန်တဲ့သူတွေ ဆက်မသတ်ဖို့နဲ့ ပြန်ပြီးတော့မှ သူတို့လွတ်မြောက်ဖို့အတွက် ကျွန်တော်တို့သွားပြီး ကြိုးစားပေးပါတယ်” ဟု ဒေါက်တာနိုင်အောင်က ပြောကြားခဲ့သည်။ အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး အမှန်တရားနှင့် တရားမျှတမှု ဖော်ထုတ်ရေး အလုပ်အဖွဲ့ကို ဖွဲ့စည်းပြီး အဆိုပါအဖွဲ့၏ အချက်အလက် စုဆောင်းခြင်းနှင့် အစီရင်ခံစာ ရေးသားခြင်း လုပ်ငန်းအား ၂၀၁၃ ခုနှစ် မေလတွင် အပြီးသတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ABSDF ၏ အင်တာနက် စာမျက်နှာတွင် ယခုနှစ် မတ်လ ၇ ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။