Tuesday, September 11, 2012

 နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်မလာမီ နိုင်ငံပိုင်လုပ်ငန်းများကို နိုင်ငံသားများ လွှဲပြောင်းလုပ်ကိုင်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးမည်


နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်မလာမီ နိုင်ငံပိုင်လုပ်ငန်းများကို နိုင်ငံသားများ လွှဲပြောင်းလုပ်ကိုင်နိုင်ရန် အစိုးရက စီစဉ်ပေးသွားရန်ရှိသည်ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ၎င်းတက်ရောက်ခဲ့သည့် နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက်လုပ်ငန်းများနှင့်ပတ်သက်၍ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနနှင့် လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် သိရှိခဲ့သည့်သတင်းများကို ကိုးကား၍ ပြောကြားခဲ့သည်။

''ဒီလဆန်းပိုင်း နေပြည်တော်မှာ မွေး/ရေ၀န်ကြီးနဲ့ သားငါးလုပ်ငန်းရှင်တွေ တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲက လက်ရှိသားငါးကဏ္ဍမှာ ဖြစ်ပေါ်ကြုံတွေ့နေရတဲ့ အခက်အခဲ၊ လိုအပ်တဲ့အကူအညီ၊ ရှေ့ဆက်ဖွံ့ဖြိုးအောင် ဘယ်လိုဆောင်ရွက်မလဲ စတာ တွေကို သက်ဆိုင်ရာကသိချင်လို့ လုပ်ငန်းရှင်တွေ ခေါ်တွေ့တာ ဖြစ်ပါတယ်'' ဟု ဦးဝင်းကြိုင်က ပြောကြားခဲ့သည်။
''မကြာခင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာတော့မယ်။ ၀င်လာရင် ဖက်စပ်လုပ်ကိုင်ရမယ့် လုပ်ငန်းတွေရှိတဲ့အတွက် နိုင်ငံသားတွေဟာ အလုပ်လုပ်ခွင့်ရယ် အရင်းအနှီးရယ် လိုတယ်လို့ အစိုးရကယူဆတဲ့အတွက်  အခြားနိုင်ငံသားတွေ ၀င်လာရင် နိုင်ငံသားတွေ တွဲလုပ်နိုင်အောင်လို့ နိုင်ငံပိုင်လုပ်ငန်းတွေကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မ၀င်ခင်မှာ နိုင်ငံသားတွေ လုပ်ချင်တယ်ဆိုရင် မြေ၊ အဆောက်အအုံ၊ စက်ရုံ၊ လုပ်ငန်းတွေကို ရောင်းတန်ရောင်း ငှားတန်ငှား ဖက်စပ်လုပ်ချင်လုပ်နိုင်ဖို့ ဆောင်ရွက်ပေးသွားမယ်လို့ သိခဲ့ရပါတယ်။ နိုင်ငံပိုင်တွေကို တစ်ဦးချင်း၊ အစုအဖွဲ့ ဒါမှမဟုတ် အများပိုင်ကုမ္ပဏီတွေက လွှဲပြောင်းရယူပြီး နိုင်ငံသားတွေ လုပ်နိုင်အောင် ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ နိုင်ငံပိုင်ကနေ ပုဂ္ဂလိကပိုင် လုပ်တာ ဆက်တိုက်လုပ်သွားမယ်လို့လည်း သိရပါတယ်'' ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနပိုင် လုပ်ငန်း ၂၆ ခုကို ပုဂ္ဂလိကပိုင် ပြုလုပ်သွားမည်ဟု မွေးမြူရေးနှင့်ရေလုပ်ငန်း ပြည်ထောင်စုဝန်ကြီးက ပြောကြားထားပြီး နိုင်ငံပိုင်လုပ်ငန်းရာနှင့်ချီ၍ ပုဂ္ဂလိကပိုင် ပြုလုပ်သွားရန်ရှိနေသည်ဟု စီးပွားရေးအ သိုင်းအ၀န်းတွင် သတင်းများပေါ်ထွက်နေကြောင်းလည်း သိရသည်။
နိုင်ငံသားများ စီးပွားရေးလုပ်ကိုင်နိုင်ရန် လိုအပ်သည့် အရင်းအနှီးများအတွက် ပြည်ပနိုင်ငံများမှ အတိုးနှုန်းသက်သာသည့် ချေးငွေများကို အစိုးရမှတစ်ဆင့်ရယူပြီး ပုဂ္ဂလိကကဏ္ဍကို ပြန်လည်ချေးငှားပေးသွား မည်ဖြစ်ကြောင်းလည်း အဆိုပါ တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်ဟု တွေ့ဆုံပွဲ တက်ရောက်ခဲ့သည့် လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်အနေဖြင့် အဆိုပါတွေ့ဆုံပွဲတွင် နိုင်ငံတော်အနေဖြင့် နိုင်ငံသားလုပ်ငန်းရှင်များကို ဥပဒေအရ ကာကွယ်စောင့်ရှောက်ပေးရန်၊ နိုင်ငံသးများကို အခွင့်အရေးပေး၍ စောင့်ရှောက်ပေးရန် ၊ နိုင်ငံသား တိုင်းရင်းသားလုပ်ငန်း ရှင်များကို လိုအပ်သည့် အရင်းအနှီး အကူအညီများပေး၍ စောင့်ရှောက်ပေးရန်၊ အတိုးနှုန်းသက်သာသည့် ချေးငွေများ လုံလောက်စွာထုတ်ချေးပေးရနှင့် မြန်မာနိုင်ငံ၏ ပို့ကုန်များ GSP အခွင့်အရေးရရှိအောင် ဆောင် ရွက်ပေးရန် တင်ပြခဲ့ကြောင်း သိရသည်။
ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ နိုင်ငံပိုင် အချိုးအစားကိုလျော့ချ၍ ပုဂ္ဂလိကပိုင်အချိုးအစားသို့ ပြောင်းလဲတိုးတက်လုပ်ဆောင်နိုင်ရန်နှင့် ပုဂ္ဂလိကပိုင် ပြုလုပ်ရေးလုပ်ငန်းစဉ်များအား စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက်  ယခင်ဖွဲ့စည်းထားသည့် နိုင်ငံပိုင်ပစ္စည်းများအား ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်ကို ဒုတိယသမ္မတကဥက္ကဋ္ဌအဖြစ် ဦးဆောင်ပါဝင်သည့် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။