Tuesday, September 11, 2012

ကချင်ပြည်နယ်၌ ရှမ်းမျိုးနွယ်စုများသည် ပြည်နယ်လူဦးရေ၏ ၆၀ ရာခိုင်နှုန်းခန့် ရှိကြောင်းခန့်မှန်း ငြိမ်းချမ်းရေးရရှိရန် လူမျိုးအားလုံး၏ မျက်နှာကို အဓိကထား၍ ကြည့်ကာ စဉ်းစားရမည်ဟု တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ အတွင်းရေးမှူးပြောကြား

ကချင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား လူမျိုးများအနက် ရှမ်းလူမျိုးစုဦးရေသည် ပြည်နယ်လူဦးရေ၏ ၆၀ ရာခိုင်နှုန်းခန့်ရှိသည်ဟု ခန့်မှန်းထားကြောင်းနှင့် ငြိမ်းချမ်းရေးရရှိရန် အတွက် ပြည်နယ်တွင်းမှ တိုင်းရင်းသား လူမျိုးအားလုံး၏ မျက်နှာကို အဓိကထား၍ ကြည့်ကာ စဉ်းစားရမည်ဖြစ်ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုး တိုးတက်ရေးပါတီမှ အတွင်းရေးမှူးက ပြောကြားခဲ့သည်။ 


ကချင်ပြည်နယ်တွင်း လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေများ၊ ငြိမ်းချမ်းရေးရရှိရန် လိုအပ်နေမှုများ စသည်တို့နှင့် ပတ်သက်၍ သဘောထားအမြင်ကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့က ဆက်သွယ်မေးမြန်းရာတွင် တိုင်း လိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ အတွင်းရေးမှူး ဦးစောဝင်းထွန်းက ပြန်လည်ဖြေကြားခဲ့သည်။

"အခုလက်ရှိ ကချင်ပြည်နယ် ငြိမ်းချမ်းရေးရဖို့ဆိုရင် တပ်မတော်ရယ် လက်ရှိအစိုးရပေါ့ဗျာ၊ လက်ရှိတိုက်ပွဲဖြစ်နေတဲ့ ကချင်အဖွဲ့အစည်းပေါ့။ သူတို့ရဲ့ သဘောတူညီချက်ရရင်၊ ငြိမ်းချမ်းရေးရရင် အကောင်းဆုံးပေါ့။ သို့သော်လည်း အမြဲတမ်း တည်တံ့တဲ့ ငြိမ်းချမ်းရေးရ ဖို့ဆိုရင်တော့ ကချင်ပြည်နယ်တွင်းမှာ နေထိုင်ကြတဲ့ လူမျိုးအားလုံးပေါ့။ ဒေသခံ လူမျိုးအားလုံးတို့ရဲ့ သဘောထားဆန္ဒကို လည်းထည့် သွင်းစဉ်းစားပေးမယ် ဆိုရင်တော့ ဒါဟာပိုမိုပြီး ကောင်းမွန်တဲ့ ငြိမ်းချမ်းရေးကို ရရှိမယ်လို့ အမြဲတမ်း ယုံကြည်ထားပါတယ်"ဟု ဦးစောဝင်းထွန်းက ပြောကြားခဲ့သည်။

ကချင်ပြည်နယ်တွင်း တပ်မတော်နှင့် ကေအိုင်အေ အဖွဲ့တို့ အကြား တစ်ကျော့ပြန်တိုက်ပွဲများသည် ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့က စတင်ခဲ့ကာ လက်ရှိတွင် တစ်နှစ်ကျော်ကာလသို့ ရောက်ရှိနေပြီဖြစ်သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့(ကေအိုင်အို) မှ တာဝန်ရှိသူများသည် ပြည်နယ်အဆင့်သုံးကြိမ်၊ ပြည်ထောင်စုအဆင့် သုံးကြိမ် တွေ့ဆုံခဲ့ပြီးဖြစ်သော်လည်း ဆွေးနွေး ပြေလည်ခြင်း မရှိခဲ့သေးကြောင်း သိရှိရသည်။

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများမှာ စက်တင်ဘာလဆန်းပိုင်း အထိ ဆက်လက်ဖြစ်ပွားမှု ရှိနေသည်။

"ပါတီ အမြင်ဆိုတာထက် ကျွန်တော့်ရဲ့ အမြင်ပေါ့။ ကျွန်တော်လည်း ဒေသခံပါ။ ဒေသခံလူမျိုးတွေဖြစ်တဲ့ အတွက်ကြောင့် ကိုယ့်မြေကိုယ့်ရေ အကြောင်း ပိုသိပါတယ်။ အဓိက မရနိုင်ရခြင်း အကြောင်းက တစ်ဖက်နဲ့ တစ်ဖက်ရယ်လို့ မပြောလိုပါဘူး။ ငြိမ်းချမ်းရေး ဆွေးနွေးနေကြတဲ့အထဲမှာ သူ့အယူအဆ၊ ကိုယ့်အယူအဆဆိုတာ ရှိကြမှာပါ"ဟု ဦး စောဝင်းထွန်းက ပြောကြားသည်။

"သို့သော်လည်း ဆွေးနွေးနေကြတဲ့ နှစ်ဖွဲ့လုံး အဓိကအားဖြင့် ပြောရင်တော့ ပြည်သူလူထုရဲ့ မျက်နှာ၊ ကချင်ပြည်နယ်တွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးတွေအားလုံးရဲ့ မျက်နှာကို အဓိကထား ကြည့်ပြီးမှ စဉ်းစားကြမယ် ဆိုရင်တော့ ငြိမ်းချမ်းရေးရမယ်၊ ထာဝရငြိမ်းချမ်းရေးလည်း ဖြစ်မယ်။ ငြိမ်းချမ်းရေးမရနိုင်တဲ့ အချက်ကတော့ ဆွေးနွေးနေကြတဲ့ အချက်တွေမှာ အဓိကက အရေးတကြီးအဖြစ် သူတို့ မထည့်သွင်း မစဉ်းစားသေးတဲ့ အတွက်ကြောင့် ငြိမ်းချမ်းရေး မရခြင်းလို့ပဲ ယူဆပါတယ်"ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့(ကေအိုင်အို)တို့ အကြား ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ ထို့နောက် နှစ်ပေါင်း ၁၇ နှစ်အကြာ ၂၀၁၁ ခုနှစ်တွင် တိုက်ပွဲများ တစ်ကျော့ပြန်ဖြစ် ပွားလာခြင်းဖြစ်သည်။

လက်ရှိတွင် ကချင်ပြည်နယ်အတွင်း မူရင်းနေရပ် ကျေးရွာများမှ တိမ်းရှောင်ရသူဦးရေသည် တစ်သိန်းဝန်းကျင်ရှိနေရာ ကချင်၊ ရှမ်း နှင့် အခြားတိုင်းရင်းသားများ ပါဝင်နေပြီး စားနပ်ရိက္ခာနှင့် အခြားသော ထောက်ပံ့ကူညီမှုများလည်း လိုအပ်နေဆဲ ဖြစ်သည်။

ကချင်ပြည်နယ်တွင် ယခင်ကတည်းက ကချင် တိုင်းရင်းသား မျိုးနွယ်စုများနှင့် ရှမ်းမျိုးနွယ်စုများသည် အတူ ယှဉ်တွဲနေထိုင်လာခဲ့ကြပြီး ကချင် တိုင်းရင်းသားများသည် တောင်တန်းဒေသများတွင် နေထိုင်ကာ ရှမ်းတိုင်းရင်းသား မျိုးနွယ်စုများက မြေပြန့်တွင် အခြေချနေ ထိုင်ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

၂၀၀၀ ပြည့်နှစ် စာရင်းအရ ကချင်ပြည်နယ်တွင် လူဦးရေ ၁ ဒသမ ၂ သန်းခန့်ရှိပြီး ကချင်၊ ရှမ်း၊ ဗမာ စသည့် လူမျိုးများ စုစည်းနေ ထိုင်လျက်ရှိနေသည်။

"ကချင်ပြည်နယ် ငြိမ်းချမ်းရေးရဖို့အတွက် ရှမ်းနီပါတီအနေနဲ့၊ ကျွန်တော်တို့ တိုင်းလိုင် လူမျိုးတွေအနေနဲ့ ကူညီပြီးမှ ဆောင်ရွက်ဖို့ အဆင်သင့်ရှိပါတယ်။ သို့သော်လည်း ဘယ်လိုနည်းလမ်းနဲ့ ဘယ်လိုပါဝင် ကူညီ ဆောင်ရွက်ရမလဲ ဆိုတာတော့ ကျွန်တော်တို့ ခုချိန်ထိ ဆောင်ရွက် ပုံဆောင်ရွက်နည်းကတော့ ပြောပြလို့ မရသေးပါဘူး။ အတတ်နိုင်ဆုံးတော့ ကချင်ပြည်နယ် ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်ပေးချင်တဲ့ ဆန္ဒရှိပါတယ်"ဟု ဦးစောဝင်းထွန်းက ပြောပါသည်။

တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီသည် ပြည်ထောင်စု ဒေသတွင်း ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် ဒေသခံ ပြည်သူများ၏ ခံစားချက်နှင့် ဆန္ဒသဘောထားတို့ကို ဦးစားပေးဆောင် ရွက်ရန်၊ နိုင်ငံတော် အစိုးရ၊ ဒေသခံ လက်နက်ကိုင်အဖွဲ့တို့နှင့် အတူ ပြည်သူများ ပါဝင်သော သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရန် စသည့်အချက်များပါဝင်သည့် သဘောထား ကြေညာချက်တစ်စောင်ကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။