Tuesday, September 11, 2012

ပို့ဆောင်ရေးဝန်ကြီးဌာနရှိ စီးပွားရေးအဖွဲ့အစည်း လေးခုအား ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဆောင်ရွက်သွားမည်


ပို့ဆောင်ရေးဝန်ကြီးဌာနရှိ စီးပွားရေးအဖွဲ့အစည်း ၄ခုအား ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်၏ ပြောကြားချက်အရ သိရပါသည်။
ယင်းသို့ ကော်ပိုရေးရှင်း အသွင်ပြောင်းလဲလုပ်ဆောင်မည့် စီးပွားရေးအဖွဲ့အစည်း ၄ခုမှာ မြန်မာ့လေကြောင်း၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ မြန်မာ့သင်္ဘောကျင်းလုပ်ငန်းနှင့် ပြည်တွင်းရေကြောင်းတို့ ဖြစ်သည်။

''ကျွန်တော်တို့ဌာနရဲ့ စီးပွားရေးအဖွဲ့အစည်း ၄ ခုနဲ့ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရဲ့ Service Provider များကို ပထမဦးစွာ International Corporation အသွင်ကူးပြောင်းပြီး အနာဂတ်မှာ အများပိုင်ကုမ္ပဏီများအဖြစ် ကူးပြောင်းသွားရမှာပါ။ အဲ့ဒီ့အဖွဲ့အစည်းတွေ International Corporation ပုံစံပြောင်းတာနဲ့ စီမံအုပ်ချုပ်မှုစနစ်ကိုလည်း နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ Management System များအတိုင်း ပြောင်းလဲကျင့်သုံးသွားရမှာပါ'' ဟု ဦးဥာဏ်ထွန်းအောင်က ပြောပါသည်။
အစိုးရသစ်၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အကောင်အထည်ဖော်သည့်အနေဖြင့် အဆိုပါစီးပွားရေး အဖွဲ့အစည်းလေးခုအား ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ပို့ဆောင်ရေးဝန်ကြီးဌာနမှ နိုင်ငံအတွက် အသားတင် ၀င်ငွေကျပ် ၃၈ဘီလျံ ရှာဖွေပေးနိုင်ရန်အတွက် ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်နေခြင်းဖြစ်ပြီး၊ နောင်လုပ်ငန်းများစွာ၌ ပုဂ္ဂလိကအခန်းကဏ္ဍကို ပိုမိုတိုးချဲ့ဆောင်ရွက်ရန်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ယင်းသို့ ဆောင်ရွက်ရာတွင် International Corporation များတွင် ကျင့်သုံးနေသည့် လုပ်ထုံးလုပ်နည်းများအတိုင်း Audit Firm များ ခန့်ထားဆောင်ရွက်မည်ဖြစ်ကာ သာမန်သုံးငွေနှင့် ရင်းနှီးမြုပ်နှံမှုများအတွက် ငွေကြေးလိုအပ်ပါက ၀န်ကြီးဌာန EC ၏ သဘောတူညီချက်နှင့် ပြည်တွင်း၊ ပြည်ပဘဏ်အဖွဲ့အစည်းများမှ ချေးယူသွားမည်ဖြစ်သည်။ နိုင်ငံတော်မှ ရာနှုန်းပြည့်ပိုင်ဆိုင်သည့်လုပ်ငန်းများမှ နိုင်ငံ၏ အခွန်အရပ်ရပ် မှ ကင်းလွတ်ခွင့်ရရှိမည်ဟုသိရ သည်။
ကော်ပိုရေးရှင်းအဖြစ် အသွင်ပြောင်းလဲလုပ်ဆောင်ရာတွင် အဆင့် ၄ဆင့်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။ ပထမအဆင့်အနေဖြင့် နိုင်ငံတော်ဘတ်ဂျက်ဖြင့် လုပ်ငန်းများဆောင်ရွက်ပြီး အရှုံးအမြတ်ကို နိုင်ငံတော်မှ တာဝန်ယူခြင်း၊ ဒုတိယအဆင့်အနေဖြင့် နိုင်ငံတော်က ကနဦး မတည်ရင်းနှီးငွေထုတ်ပေးပြီး စီးပွားရေးဆန်ဆန် ကိုယ်ပိုင်ရပ်တည်၍ အရှုံးအမြတ်ကို ဌာနမှတာဝန်ယူခြင်း၊ တတိယအဆင့် ရာနှုန်းပြည့် အစိုးရပိုင် Private Limited ကုမ္ပဏီအသွင် ဖွဲ့စည်းခြင်းနှင့် စတုတ္တအဆင့် အများပိုင်ကုမ္ပဏီများအဖြစ် ဆောင်ရွက်နေရာမှ ရင်းနှီးမြုပ်နှံမှုအတွက် ငွေကြေးနှင့် စီမံခန့်ခွဲမှုအတွက် လိုအပ်ပါက ပုဂ္ဂလိကနှင့် ပူးပေါင်း၍ အများပိုင် ကုမ္ပဏီအသွင်ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။