Tuesday, September 11, 2012

ဂျပန် အကြီးစား ကုမ္ပဏီသုံးခု သီလဝါ၌ ယန်းငွေ သန်း၃၀၀၀ကျော် ရင်းနှီး မြှုပ်နှံမည်


မြန်မာနိုင်ငံ၏ ရန်ကုန်မြို့ သီလဝါဆိပ်ကမ်း အထူး စီးပွားရေးဇုန်တွင် ဂျပန်နိုင်ငံမှ အကြီးစား စက်မှုလုပ်ငန်းသုံးခုက ဂျပန်ယန်းငွေ သန်းပေါင်း ၃၀၆၂ သန်းကို ပါဝင် ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ဂျပန်နိုင်ငံမှ ထိပ်သီး စီးပွားရေးလုပ်ငန်းစုကြီး သုံးခုဖြစ်သည့် Mitsubishi, Sumitomo နှင့် Marubeni ကော်ပိုရေးရှင်းတို့က ပူးပေါင်းပါဝင် ရင်းနှီးမြှုပ်နှံခြင်းဖြစ်ပြီး မြန်မာနိုင်ငံက ၅၁ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားမည်ဟု သိရသည်။ မြေဧက ၅၉၀၀ ကျယ်ဝန်းသော အဆိုပါ သီလဝါ အထူးစီးပွားရေးဇုန်ကြီးတွင် ဂျပန်ကုမ္ပဏီကြီး သုံးခုက ၄၉ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမှု ရယူမည်ဖြစ်ပြီး မြန်မာအစိုးရ၏ သဘောတူညီချက် ရရှိထားကြောင်း သိရသည်။ “မြန်မာဘက်က လုပ်ငန်းရှင်တွေအတွက် ပြောရရင် အဲဒီ သီလဝါစက်မှုဇုန်ကြီးမှာ လာပြီး ရင်းနှီးမြှုပ်နှံမှာ ဖြစ်ကြောင်း ပြောပြချင်ပါတယ်” ဟု... ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။ ဂျပန်အစိုးရ အနေဖြင့်လည်း အဆိုပါ စီမံကိန်းအတွက် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ကူညီလိမ့်မည်ဖြစ်ကြောင်း သိရသည်။ “အဲဒီနေရာက အလုပ်သမားတွေအတွက် ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရလိမ့်မယ်လို့ ယုံကြည်တယ်” ဟု ဦးဝင်းအောင်က ပြောကြားသည်။
ဂျပန်နိုင်ငံ အစိုးရအနေဖြင့် အမေရိကန်ဒေါ်လာ သုံးဘီလျံကျော်ကို ပေးဆပ်စေခြင်း မပြုစေတော့ဘဲ ချေးငွေသစ် အစီအစဉ်ကိုပါ စတင်ဆောင်ရွက်တော့မည်ဖြစ်ပြီး ဂျပန်မှ Diwa ကုမ္ပဏီကလည်း ဒေါ်လာသန်း ၃၈၀ ခန့်တန်ကြေးရှိ စတော့ဈေးကွက် ဖော်ဆောင်မှုကို လုပ်ဆောင်နေသည်ဟု သိရသည်။ ၎င်းအပြင် Sumitomo အနေဖြင့် မြန်မာနိုင်ငံမှ ကမ္ဘောဇဘဏ်ကိုလည်း ပုဂ္ဂလိက အကြီးဆုံးဘဏ်ကြီး ဖြစ်လာစေရေး ကူညီမှုများ ပြုလုပ်ပေးနေသည်ဟု သိရပြီး သီလဝါစီမံကိန်းတွင် Sumitomo က ယန်းငွေ သန်းပေါင်း ၁၀၆၅ သန်း၊ Marubeni က ယန်းငွေ ၅၂၂ သန်းနှင့် Mitsubishi က ယန်းငွေ ၁၄၇၅ သန်းတို့ကို ရင်းနှီးမြှုပ်နှံမည်ဟု သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။