Thursday, June 28, 2012

 ဒေါနတောင်ကျရေ အရှိန်ကြောင့် လှိုင်းဘွဲချောင်းရေ မြင့်တက်လာပြီး လှိုင်းဘွဲ-ဘားအံ ချိတ်ဆက် ဘေလီသံပေါင်တံတား နစ်မြုပ်ခဲ့ရာ ကုန်စည်စီဆင်းမှု ယာယီပြတ်တောက်မှု ဖြစ်ပေါ်

ဘေလီသံပေါင်တံတား ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်
ဇွန်လ ၂၃ ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ဒေါနတောင်ကျရေများ စီးဆင်းလာကာ လှိုင်းဘွဲချောင်းရေ မြင့်တက်မှုကြောင့် ကရင်ပြည်နယ်အရှေ့ဘက် လှိုင်းဘွဲမြို့နယ်ရှိ ယာယီဘေလီသံပေါင်တံတား နစ်မြုပ်ခဲ့၍ မော်တော်ယာဉ်များ သွားလာ၍မရနိုင်ဘဲ ကုန်စည်စီးဆင်းမှု ယာယီပြတ်တောက်မှု ဖြစ်ပေါ်လျက်ရှိနေကြောင်း သတင်းရရှိသည်။

ကရင်ပြည်နယ် အရှေ့ဘက်လှိုင်းဘွဲမြို့နယ်၏ နှစ်ပေါင်း ၉၀ ကျော်သက်တမ်းရှိ ရှေးဟောင်းသံပေါင်တံတားမှာ  ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၄ ရက် ည ၉ နာရီအချိန်ခန့် ရေလယ်တိုင် P1၊ P2  ပြိုကျခဲ့ပြီးနောက် ခရီးသည်နှင့် ကုန်စည်စီးဆင်းမှု မပြတ်တောက်စေရန် ယာယီတည်ဆောက်ထားခဲ့သည့် ဘေလီသံပေါင်တံတား ဖြစ်သည်။
''ယာယီသံပေါင်တံတား တည်ဆောက်တဲ့အခါမှာ ဒေသခံတွေကို မေးမြန်းပြီး တည်ဆောက်သင့်ပါတယ်။ လှိုင်းဘွဲမြို့ဆိုတာက ဒေါနတောင်ခြေရင်းမှာ တည်ရှိပြီး မိုးကာလရောက်ရင် ဒေါနတောင်ကျရေကြောင့် မြို့တစ်ခုလုံး ရေ၀င်နစ်မြုပ်တတ်ပါတယ်။ မိုးကာလ ချောင်းရေ အနေအထားကိုကြည့်ပြီး တံတားအနိမ့်အမြင့်ကို ကြည့်ရှု တည်ဆောက်သင့်ပါတယ်။ အခုတော့ တံတားကအရမ်းနိမ့်နေတော့ မိုးများပြီး တောင်ကျရေဆင်းလာရင် ဒီလိုဖြစ်ရပ်မျိုးက မကြာခဏ ပေါ်ပေါက်လာမယ့် အနေအထားမှာ ရှိနေပါတယ်''ဟု လှိုင်းဘွဲမြို့ခံ အငြိမ်းစားဝန်ထမ်းက ပြောပါသည်။
လှိုင်းဘွဲ-ဘားအံ ချိတ်ဆက်တံတားမှာ ဘားအံ-လှိုင်းဘွဲ ကားလမ်းမိုင်တိုင်အမှတ် ၂၄၂၂ တွင် တည်ရှိပြီး တံတားအမှတ် ၁/၂၅ ဖြစ်ကာ အရှည် ၁၉၅ ပေရှိပြီး R.P.T သံပေါင်တံတားဖြစ်ကြောင်း၊ ၁၉၂၁ ခုနှစ်တွင် တည်ဆောက်ထားသည့်အတွက် နှစ်ပေါင်း ၉၀ ကျော် သက်တမ်းကြာမြင့်ခဲ့ကာ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် ကျိုးကျပျက်စီးခဲ့ကြောင်း အဆိုပါတံတားကို အမြန်ပြီးစီးနိုင်ရန် ကရင်ပြည်နယ် ဆောက်လုပ်ရေးအဖွဲ့ လမ်းတံတားအထူးအဖွဲ့ ၆ နှင့်အထူးအဖွဲ့ ၉ တို့မှ ဆောင်ရွက်လျက်ရှိနေကြောင်းနှင့် ဆက် သွယ်သွားလာမှု မပြတ်တောက်စေရန် ယာယီဘေလီသံပေါင် တံတားတစ်စင်းကို တည်ဆောက်ထားရှိကြောင်း၊ ယခုအခါ ဒေါနတောင်ကျရေအရှိန်ဖြင့် လှိုင်းဘွဲချောင်းရေ မြင့်တက်လာကာ ယာယီဘေလီသံပေါင်တံတား နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
''ကွမ်းသီး၊ ကစို၊ ပိုင်ကျုံ၊ ကမော့ကချူးဒေသဘက်က ကုန်စည်ကားတွေ လာလို့မရလို့ စက်လှေတွေနဲ့ကဲ့ယူတယ်''ဟု ယာဉ်မောင်းတစ်ဦးကပြောသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။