ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နမိတ်ရှိ
ဆင်ခြေဖုံးရပ်ကွက်များတွင် ဆိုင်ကယ်မစီးရဟု တားမြစ်ချက် ရှိနေသော်လည်း
သွားရေးလာရေးလွယ်ကူစေရန် ဆိုင်ကယ်တက္ကစီများအား အားထားနေရဆဲဖြစ်ကြောင်း
ဆင်ခြေဖုံးရပ်ကွက်နေပြည်သူများထံက သိရှိရသည်။
“ရန်ကုန်မြို့ထဲမှာ
ဆိုင်ကယ်ပေး မစီးရင်တောင် ကျွန်တော်တို့နေတဲ့ ဆင်ခြေဖုံးလေးတွေမှာတော့
ပေးစီး သင့်တယ်ဗျ။ ဘတ်စ်ကားစောင့်ရတာကြာလည်း ကြာတယ်။ လူလည်းတအားကြပ်တယ်။
ရုံးတက် ရုံးဆင်း ချိန်ဆို တော်တော်လေး အဆင်မပြေဘူး။” ဟု
ဆင်ခြေဖုံးများတွင် ဆိုင်ကယ်အသုံးပြုခွင့်ပေးစေချင်သူတစ်ဦး ကပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ
စည်ပင်သာယာနယ်နမိတ်ပြင်ပရှိမြို့နယ် (၁၄)မြို့နယ်တွင်သာ ဆိုင်ကယ်
စီးနင်းခွင့်ပြုပြီး ၄င်းမြို့နယ်များမှာ သန်လျင်၊ ဒလ၊ ဆိပ်ကြီးခနောင်တို၊
မှော်ဘီ၊ တိုက်ကြီး၊ ထန်းတပင်၊ လှည်း ကူး၊ ဥက္ကံ၊ ကျောက်တန်း၊ သုံးခွ၊
ခရမ်း၊ ကွမ်းခြံကုန်း၊ ကော့မှူးစသည့်မြို့နယ်များ ဖြစ်သည်။
“နည်းနည်းမိုးချုပ်ပြီဆိုတာနဲ့
ဘတ်စ်ကားကပါးသွားပြီ။ အိမ်ပြန်ဖို့ ဘတ်စ်ကားစောင့်ရတာက တော်တော် ကြာတယ်။
ဆိုင်ကယ်ကယ်ရီ ဌားစီးလိုက်တာက မြန်တယ်။ အချိန် မကုန်ဘူး။ ပိုက်ဆံတော့
ပိုကုန်တာပေါ့” ဟု ဆင်ခြေဖုံးရပ်ကွက်တစ်ခုဖြစ်သော
ရွှေပေါက်ကံရပ်ကွက်နေကိုစိုးကျော် က ပြောသည်။
ဆိုင်ကယ်တက္ကစီအသုံးပြုခနှုန်းထားများမှာ
ခရီးစဉ်အကွာအဝေးပေါ်မူတည်၍ ငွေကျပ် ၅၀၀ ၊ ၇၀၀ ၊ ၁၀၀၀ စသည်ဖြင့် ပေးရပြီး
အနည်းငယ်အလှမ်းဝေးသောနေရာများအတွက်မူ ၁၅၀၀ ကျပ်၊ ၂၀၀၀ ကျပ်အထိ ပေး၍
စီးနင်းရကြောင်း ခရီးသွားများကဆိုသည်။
ဆိုင်ကယ်တက္ကစီပြေးဆွဲသူများသည်
ရပ်ကွက်တွင်းရှိ လူစည်ကားရာနေရာအချို့နှင့်ဘတ်စ်ကားလိုင်းများ
ပေါင်းစုံရာမှတ်တိုင်အနီးတွင် ဂိတ်ထိုးကြပြီး ထိုနေရာမှတဆင့်
စီးနင်သူခရီးသည်များ၏နေအိမ်(သို့မဟုတ်) ကားမှတ်တိုင်အထိအရောက်ဆိုင်ကယ်နှင့်
လိုက်လံပို့ဆောင်ပေးလေ့ရှိသည်။
စည်ပင်သာယာနယ်နမိတ်အတွင်း
ဆိုင်ကယ်အသုံးပြုစီးနင်းပါက ဖမ်းဆီးအရေးယူမည်ဟု ရန်ကုန်တိုင်း
ယာဉ်စည်းကမ်းထိန်းသိမ်းရေးက ထုတ်ပြန်ကြေငြာထားခဲ့ပြီး
လက်တွေ့ဖမ်းဆီးအရေးယူမှုများလည်း အများအပြားဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
“ဆိုင်ကယ်တက္ကစီဆွဲရတာက
တွက်ခြေကိုက်တယ်လေ။ တနေ့လုံးဆွဲတဲ့အခါလည်းဆွဲတယ်။ တခါတလေ ကျတော့ ညဘက်မှ
ထွက်ဆွဲတယ်။ ရတဲ့ငွေကတော့ မိသားစု စားလောက်ရုံအပြင် ပိုလျှံပါသေးတယ်။ အဖမ်း
အဆီးကတော့ ရှိတာပေါ့ဗျာ။ သတိထားပြီး ကြည့်လုပ်ရတာပေါ့။ ၀မ်းရေးကိုးဗျ” ဟု
ကိုယ်ပိုင်ဆိုင်ကယ် တစ်စီးဝယ်ယူ၍ ဆိုင်ကယ်တက္ကစီမောင်းနှင်နေသူတစ်ဦးက
ပြောသည်။
ပုံမှန်အချိန်များတွင်
အဖမ်းအဆီးနည်းပါးတတ်ပြီး ယာဉ်တိုက်မှု၊
ဆိုင်ကယ်တိုက်မှုတစ်စုံတစ်ရာဖြစ်ပြီဆိုပါက ဆိုင်ကယ်ဖမ်းသည့်
အထူးအဖွဲ့များရောက်ရှိကာ ဖမ်းဆီးတတ်ကြောင်း ဆိုင်ကယ်တက္ကစီမောင်းသူများထံက
သိရသည်။
ရန်ကုန်တိုင်းဒေသကြီးတွင်
ရန်ကုန်စည်ပင်သာယာနယ်နမိတ်အတွင်း ဆိုင်ကယ်စီးနင်းခွင့်ကို ၂၀၀၈ ခုနှစ်
ဇူလိုင်လပိုင်းမှ စတင်၍ တားမြစ်ပိတ်ပင်ခဲ့ပြီး အစိုးရရုံးဌာနမှ
တာဝန်ရှိသူအချို့နှင့် ရဲတပ်ဖွဲ့ဝင်များအား သတ်မှတ်စည်းကမ်းနှင့်အညီ
စီးနင်းခွင့်ပြုထားကြောင်းကိုလည်း သိရသည်။

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။