Thursday, June 28, 2012

လူကုန်ကူးခံရသူ၏ လေးပုံတပုံနီးပါးသည် ကလေးသူငယ်များဖြစ်ကြ

ရန်ကုန် (မဇ္ဈိမ) ။      ။၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် လူကုန်ကူးခံရသူများ၏ လေးပုံတစ်ပုံနီးပါး (၂၃ ရာခိုင်နှုန်း) သည် ကလေးသူငယ်များဖြစ်ကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ နှစ်ပတ်လည် အစီရင်ခံစာက ဆိုသည်။

ထိုနှစ်အတွင်း လူကုန်ကူးခံရသူ ၂၆၅ ဦး ကို ကယ်တင်နိုင်ခဲ့ပြီး ၎င်းတို့အနက် ၆၁ ဦးမှာ အရွယ် မရောက်သေးသော ကလေးသူငယ်များဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။ ထို ကလေးသူငယ် ၆၁ ဦးအနက် ၅၂ ဦးမှာ မိန်းကလေးများ ဖြစ်ကြသည်။

“ကလေးသူငယ်တွေကို လူကုန်ကူးခံရတဲ့ အကြောင်းအရင်းတွေ ကတော့ အဓမ္မတောင်းရမ်းခိုင်းဖို့၊ ပြည့်တန်ဆာ လုပ်ခိုင်းဖို့နဲ့ အတင်းအဓမ္မ အလုပ်ခိုင်းစေဖို့ အတွက်ပါ” ဟု လူကုန်ကူးမှုဆိုင်ရာ ကုလအေဂျင်စီ UNIAP မှ တာဝန်ရှိသူတဦးက ပြောသည်။

၎င်း၏ အဆိုအရ ကလေးသူငယ်များကို အဓမ္မတောင်းရမ်းခိုင်းရန်အတွက် အများဆုံး လူကုန်ကူးကြပြီး အသက် ၁၆ နှစ်၊ ၁၇ နှစ် ဝန်းကျင်အရွယ် မိန်းကလေးများကို ပြည့်တန်ဆာ လုပ်ခိုင်းရန် လူကုန်ကူးခံရသည်ဟု သိရသည်။

လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့က ကလေးသူငယ်လူကုန်ကူးမှုများရှိနေသဖြင့် မိဘ ပြည်သူများအနေနှင့် ကလေးများကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရန် လိုအပ်ကြောင်း ဇွန်လဆန်းက ထုတ်ပြန်သော အစီရင်ခံစာတွင် ထည့်သွင်းနှိုးဆော်ထားသည်။

မြန်မာနိုင်ငံမှ လူကုန်ကူးမှုအများစုသည် တရုတ်နိုင်ငံသို့ ဦးတည်နေပြီး ကျန်လူကုန်ကူးမှုများသည် ပြည်တွင်း၌ ဖြစ်ပွား သည့် အမှုများနှင့် ထိုင်းနိုင်ငံသို့ ဦးတည်သည့်အမှုများဖြစ်သည်ဟု အထက်ပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

လူကုန်ကူးမှုများသည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အများဆုံးဖြစ်ပွားပြီး တရားခံများကို ရန်ကုန်တိုင်းမှ အများဆုံး ဖမ်းဆီးရမိကြောင်း အဆိုပါ အစီရင်ခံစာတွင် တွေ့ရသည်။

လူကုန်ကူးခံရသူ စုစုပေါင်း၏ ၈၃ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်ကြပြီး၊ အများဆုံး လူကုန်ကူး ခံရသည့် အကြောင်းအရင်းမှာ အဓမ္မ လက်ထပ်ထိမ်းမြားပေးရန်ဖြစ်ပြီး ဒုတိယအများဆုံးမှာ ပြည့်တန်ဆာ အဖြစ်ခိုင်းစေရန်
ဖြစ်သည်ဟု လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ စာရင်းဇယားများအရသိရ သည်။

မြန်မာနိုင်ငံမှ လူကုန်ကူးမှုအများစု ဦးတည်သည့် တရုတ်နိုင်ငံနှင့် လူကုန်ကူးမှု တားဆီးရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ MoU ချုပ်ဆိုပြီးဖြစ်သော်လည်း လုပ်ငန်းစီမံချက် အကောင်အထည် မဖော်နိုင်ခြင်းနှင့် အဓမ္မလက်ထပ် ထိမ်းမြားမှုကို တရုတ်နိုင်ငံက လူကုန်ကူး ပြစ်မှုအဖြစ် အရေးမယူခြင်းတို့ကြောင့် မြန်မာအမျိုးသမီးငယ်များကို အဓမ္မလက်ထပ်ထိမ်းမြားရန် တရုတ်သို့ ရောင်းစားမှု ပြဿနာအား ထိန်းချုပ်ရန် ခက်ခဲနေဆဲဟု အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။