Thursday, June 28, 2012

ကချင် စစ်ဘေးရှောင်များကို တရုတ်ကူညီပေးနေဟုဆို

ရန်ကုန် (မဇ္ဈိမ) ။      ။ ကချင်ပြည်နယ်တွင်း တိုက်ပွဲများကြောင့် တရုတ်ပြည်သို့ ထွက်ပြေးခိုလှုံလာသည့်
မြန်မာနိုင်ငံသားများကို အကူအညီများပေးနေပြီး မြန်မာနိုင်ငံဘက်သို့ အဓမ္မပြန်လွှတ်ခြင်းမရှိဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Hong Lei က ပြောဆိုလိုက်သည်။

အင်္ဂါနေ့က ထုတ်ပြန်လိုက်သော အမေရိကန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW ၏ ကချင် စစ်ပြေး ဒုက္ခသည်များဆိုင်ရာ အစီရင်ခံစာ တစောင်ဖြစ်သည့် ‘ယူနန်ပြည်မှာ အထီးကျန်’ Isolated in Yunnan အား အခြေခံသည့် သတင်းများကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ချက်ချင်း တုန့်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။

ဒုက္ခသည်များကို တရုတ်နိုင်ငံမှ လက်မခံဘဲ စစ်မက်ဖြစ်ပွားရာဒေသများသို့ ပြန်လည်စေလွှတ်နေသည်ဟု HRW
ရေးသားချက်များကို ငြင်းဆိုခဲ့ပြီး တိုက်ပွဲများ လျော့ပါးသွား၍ မြန်မာနိုင်ငံ ဘက်ခြမ်းသို့ ပြန်လည်ဝင်ရောက်သွားသူတို့ မှာလည်း ဒုက္ခသည်များ မဟုတ်ကြဟု အင်္ဂါနေ့က Hong Lei ၏ ပြောဆိုချက်ကို ကားကား၍ People Daily တွင်
ရေးသားထားခြင်း ဖြစ်သည်။

HRW ၏ စာမျက်နှာ ၆၈ ပါ ထိုအစီရင်ခံစာတွင် စစ်ပြေးဒုက္ခသည် ၇,ဝဝဝ မှ ၁ဝ,ဝဝဝ ခန့်သည် စစ်ဘေးစစ်ဒဏ်နှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုဘေးမှ လွတ်မြောက်ရန် တရုတ်နိုင်ငံ ယူနန်ဒေသသို့ ထွက်ပြေးခဲ့ရပြီး အခက်အခဲများ စွာနှင့် ကြုံတွေ့နေရသည်ဟု ဆိုသည်ဟု HRW အာရှတိုက်ရေးရာဌာနမှ လက်ထောက် ဒါရိုက်တာ Phill Roberson က ပြောသည်။

“ကျနော်တို့ရဲ့ မှတ်တမ်းတွေအရ အနည်းဆုံး ဒုက္ခသည် ၃၀၀ လောက်ကို စစ်မက်ဖြစ်ပွါးနေတဲ့ နေရာကို အတင်းအဓမ္မ
ပြန်ပို့ခဲ့တာကို တွေ့ရတယ်” ဟု ဆိုသည်။

၂၀၁၁ ခုနှစ် ဇွန်လမှ စတင်ကာ ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် မြန်မာ အစိုးရတပ်တို့ အကြား တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့၍ ထွက်ပြေး တိမ်းရှောင်နေရသူပေါင်းမှာ ၈ဝ,ဝဝဝ ခန့်ရှိကြောင်း ဒုက္ခသည် အကူအညီပေးရေး အဖွဲ့များက ခန့်မှန်းပြောဆိုကြသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။