Thursday, June 28, 2012

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြစ်ရေလျှံတက်ကာ မြို့နယ်အချို့သို့ ရေ၀င်ရောက်၊ ပုဏ္ဏားကျွန်းမြို့နယ်သို့လည်း လေဆင်နှာမောင်း ၀င်ရောက်တိုက်ခိုက်ခဲ့

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် မိုးများ အဆက်မပြတ် ရွာသွန်းနေမှုကြောင့် မြစ်ရေလျှံတက်လာပြီး ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်မြို့နယ်များရှိ ရပ်ကွက်များအတွင်းသို့ ရေများဝင်ရောက်လာခဲ့၍ ဇွန်လ ၂၇ ရက်နေ့ နံနက် ၃ နာရီမှစ၍ ရေမြုပ်ရပ်ကွက်များရှိ ဒေသခံများ ရေလွတ်ရာနေရာသို့ ပြောင်းရွှေ့နေရကြောင်း သိရသည်။
ဘူးသီးတောင်မြို့ရှိ မြို့မဈေးကို ယာယီပိတ်ထားရပြီး ဘူးသီးတောင်ဆေးရုံရှိ လူနာများအား အ.လ.က... (၁)ကျောင်းသို့ ပြောင်းရွှေ့နေရာချထားရကြောင်း၊ အဆိုပါကျောင်းတွင် ရေဘေးသင့် အိမ်ထောင်စု ၄၀ ကျော် လူဦးရေ ၁၀၀ ကျော် ယာယီနေထိုင်လျက်ရှိကြောင်း သိရသည်။  

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ဇွန်လ ၂၆ ရက်နေ့ နံနက်ပိုင်းမှစ၍ မိုးအဆက်မပြတ် ရွာသွန်းလျက်ရှိရာ အနိမ့်ပိုင်းဖြစ်သော အမှတ်(၃)နှင့် (၄)ရပ်ကွက်များတွင် ရေနစ်မြုပ်မှု ဖြစ်ပွားခဲ့သည်။ ရေ၀င်နစ်မြုပ်မှုကြောင့် အမှတ်(၃)နှင့် (၄) ရပ်ကွက်အတွင်းရှိ အိမ်ခြေ ၇၀ ခန့်မှာ လေးပေအထိ ရေ၀င်နစ်မြုပ်မှု ဖြစ်ပွားခဲ့သည်။
ရေနစ်မြုပ်ခံရသော အိမ်ထောင်စုများအား ဘူးသီးတောင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များမှ Speed Boat နှစ်စီးအသုံးပြုပြီး ကုန်းမြင့်ပိုင်းရှိ ၎င်းတို့၏ ဆွေမျိုးများနေအိမ်များသို့ ဇွန် လ ၂၇ ရက်နေ့ နံနက်ပိုင်းမှစ၍ ပို့ဆောင်ပေးလျက်ရှိကြောင်းနှင့် ဒုက္ခသည်စခန်း ဖွင့်လှစ်ထားရှိမှု မရှိသေးကြောင်း ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။
မိုးများ အဆက်မပြတ် ရွာသွန်းမှုကြောင့် ဘူးသီးတောင်-မောင်တော မေယုတောင်ပေါ်ကားလမ်းရှိ မြေသားလမ်းပြိုကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားကာ ခရီးသည်တင်ယာဉ်များ ရှေ့ဆက်မသွားနိုင်ဘဲ ဖြစ်နေရကြောင်း၊ ဘူးသီးတောင်-စစ်တွေ ရေယာဉ်များလည်း ထွက်ခွာနိုင်ခြင်းမရှိကြောင်း သိရသည်။ ကျောက်တော်မြို့တွင်လည်း ယိုးချောင်းရေ မြင့်တက်မှုကြောင့် ကမ်းအနီးရှိရွာများသို့ ရေ၀င်ရောက်ကာရေ အမြင့်သုံးပေအထိ မြင့်တက်ခဲ့ကြောင်း သိရသည်။ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၊ စပါးထကျေးရွာတွင် ဇွန်လ ၂၆ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်က လေဆင်နှာမောင်း တိုက်ခတ်ခဲ့ကြောင်း ယင်းလေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် နေအိမ် ၁၅ လုံး ပြိုကျခဲ့ပြီး လူ ၈၉ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။