Thursday, August 30, 2012

သန်းခေါင် စာရင်း ကောက်ယူရာတွင် လူမျိုးစု အားလုံး ပါဝင်ရန် အရေးကြီး ဟုဆို


နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်း စုကြည်တို့ နှင့် နေပြည်တော်တွင် သြဂုတ်လ ၂၇ ရက်နေ့က တွေ့ဆုံခဲ့သော ကုလသမဂ္ဂ လူဦးရေ ရံပုံငွေ အဖွဲ့ (UNFPA) အမှုဆောင် ဒါရိုက်တာ Dr.Babatunde Osotimehin က သန်းခေါင်စာရင်း ကောက်ယူရာတွင် လူမျိုးစု အားလုံးပါဝင်ရန် အရေးကြီးကြောင်း ထုတ်ပြန်ပြောကြားသည်။
မြန်မာအစိုးရ အဖွဲ့ ထိပ်ပိုင်း ခေါင်းဆောင်များနှင့် တွေ့ဆုံပြီးဖြစ်သည့် ၎င်း၏ ယခု ခရီးစဉ်အတွင်း မြန်မာနိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှုနှင့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ပိုမို အထောက်အပံ့ ပေးနိုင်ရေး၊ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူမှု၊ မျိုးဆက်ပွား ကျန်းမာရေးနှင့် လူငယ်ဖွံ့ဖြိုးရေး မူဝါဒအကြောင်းကို ဆွေးနွေးခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
UNFPA အဖွဲ့သည် ကျမ်းမာရေး ဆိုင်ရာ လူသား အရင်းအမြစ်နှင့် စီမံခန့်ခွဲမှု၊ လူငယ်များ မျိုးဆက်ပွား ကျန်းမာရေး နှင့် လူ့ အဖွဲ့အစည်းအတွင်း ကျန်းမာရေး ဆိုင်ရာ အသိရှိမှုနှင့် ပညာပေးရေး ကိစ္စရပ်များတွင် ကူညီ ထောက်ပံ့ပေးနေသော အဖွဲ့ဖြစ်သည်။ Dr. Osotimehin သည် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ၊ မကြာသေးမီက ဖွဲ့စည်းခဲ့သော လူဦးရေနှင့် လူမှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီတို့နှင့် ယနေ့ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ ဆရာဝန်များ အသင်း နှင့် ရန်ကုန် ၌် ဗုဒ္ဒဟူးနေ့(မနက်ဖြန်) တွင် တွေ့ဆုံရန်ရှိကြောင်း UNFPA က ထုတ်ပြန်ထားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။