Thursday, August 30, 2012

 နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်းများသို့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် လှည့်ပတ်ရန်ပုံငွေအဖြစ် နိုင်ငံတော်ဘဏ်မှ ကျပ် ၁၅၀၀ ဘီလျံကျော် ချေးယူခွင့်ပြုမည်


နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများသို့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် လှည့်ပတ်ရန်ပုံငွေအဖြစ် နိုင်ငံတော်ဘဏ်မှ ကျပ် ၁၅၀၀ ဘီလျံကျော် ချေးယူသုံးစွဲခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။


နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများဖြစ်သော ပြည်ထောင်စုဝန်ကြီးဌာန ၁၃ ခုမှ စီးပွားရေးအဖွဲ့အစည်း ၃၂ ခုနှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီတို့၏  ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် သာမန်အသုံးစရိတ်အောက်ရှိ ကုန်ကြမ်း ၀ယ်ယူခြင်း အသုံးစရိတ်၏ ၇၈ ရာ ခိုင်နှုန်းဖြစ်သော ကျပ် ၁၅၀၅ ဒသမ ၄၄၈ ဘီလျံကို လှည့်ပတ် ရန်ပုံငွေအဖြစ် နိုင်ငံတော်ဘဏ်မှ ချေးယူသုံးစွဲခွင့်ကို ပြည်ထောင်စုလွှတ်တော်က သြဂုတ်လ၂၄ရက်နေ့တွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာပါ နောက်ဆက်တွဲဇယားများအပေါ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီများက လေ့လာစိစစ်ခဲ့ကြပြီး မှန်ကန်ကြောင်းနှင့် ထောက်ခံသင့်ပါကြောင်းတို့ကို မှတ်ချက်ပြု တင်ပြခဲ့ကြပြီးနောက် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များက သဘော တူထောက်ခံခဲ့ခြင်းလည်း ဖြစ်သည်။

နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ ၂၀၁၂-၂၀၁၃ဘဏ္ဍာရေးနှစ် သာမန်အသုံးစရိတ်အောက်ရှိ ကုန်ကြမ်းဝယ်ယူခြင်း အသုံးစရိတ်၏ ၂၂ ရာခိုင်နှုန်းကို ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေမှ ကျခံသုံးစွဲခဲ့ပြီးဖြစ်ကြောင်း နိုင်ငံတော်သမ္မတက သ၀ဏ် လွှာတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများသို့ လှည့်ပတ်ရန်ပုံငွေအဖြစ် ပထမသုံးလပတ်အတွက် ကျပ် ၂၆၆ ဒသမ ၇၂၉ ဘီလျံ၊ ဒုတိယ သုံးလပတ်အတွက် ကျပ် ၃၆၉ဒသမ ၂၆၅ ဘီလျံ၊ တတိယ သုံးလပတ်အတွက် ကျပ် ၃၈၅ ဒသမ ၄၄၂ဘီလျံနှင့် စတုတ္ထသုံးလပတ်အတွက် ကျပ် ၄၈၄ ဒသမ ၀၁၂ ဘီလျံတို့ကို ထုတ်ချေးခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံ စာအရ သိရသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများသို့ လှည့်ပတ်ရန်ပုံငွေအဖြစ် ထုတ်ချေးရန် ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်ပေးသော သုံးလပတ်အလိုက် ငွေပမာဏစာရင်းမှာ ကျပ် ၁၇၈၄ ဒသမ ၆၈၈ ဘီလျံ ဖြစ်သော်လည်း ထုတ်ချေးနိုင်ရေး သတ်မှတ်ပေးသော ငွေပမာဏမှာ ကျပ် ၁၅၀၅ ဒသမ ၄၄၈ ဘီလျံဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။