Thursday, August 30, 2012

ဂျပန်ကလပ်အသင်းများတွင် မြန်မာများ လေ့ကျင့်ကစားရန် သဘောတူ

ရန်ကုန် (မဇ္ဈိမ)။             ။ မြန်မာ ဘောလုံး အားကစားသမား လူငယ်များကို ဂျပန် ကလပ် အသင်းများ၊ ဂျပန် လူငယ်အသင်းများတွင် သွားရောက်ကစားလေ့ကျင့်နိုင်ရန် မြန်မာ နေရှင်နယ်လိဂ် နှင့် ဂျပန်ဘောလုံးလိဂ် J-League တို့ တနင်္လာနေ့က ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် စာချုပ် ချုပ်ဆိုခဲ့ကြသည်။


၁၃ နှစ်အောက် မြန်မာ ဘောလုံးသမား လူငယ်များကို ဂျပန်နိုင်ငံသို့ သွားရောက် ကစားစေမှာ ဖြစ်ကြောင်း မြန်မာ
ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် က ပြောသည်။

“ကျနော်တို့ဆီက ၁၃ နှစ်အရွယ်ကလေးတွေ ရွေးပြီးပို့မှာ ဖြစ်ပါတယ်။ ၂၀၂၀ အသက် ၁၇ နှစ်အောက် ကမ္ဘာ့ဖလား
ခြေစစ်ပွဲကို မြန်မာအသင်း ဝင်ရမယ်ဆိုတဲ့ရည်ရွယ်ချက်ပါပဲ" ဟု မဇ္ဈိမကို ပြောသည်။

စာချုပ်တွင် ဂျပန်၊ မြန်မာအသင်းများ ပူးတွဲလေ့ကျင့်ခွင့် ရမည် ဖြစ်ပြီး ကစားသမားများ ကိုလည်း တသင်းနှင့်
တသင်း အပြန်အလှန် ခေါ်ယူကစားခွင့် ရရှိမည် ဖြစ်သည်။

လက်ရှိအချိန်တွင် ဂျေလိဂ် J-League ကစားသမားများ ရရှိနေသော လစာမှာ မြန်မာ နေရှင်နယ်လိဂ်တွင် လာရောက် ကစားနေသော နိုင်ငံခြား ကစားသမားများ ရရှိနေသည့် လစာနှင့် မကွာဟသောကြောင့် ကစားသမား
ခေါ်ယူမှုတွင် အဆင်ပြေဖွယ်ရှိကြောင်းလည်း  “ဂျေလိဂ် ကစားသမားတွေအနေနဲ့ တနှစ်ပါတ်လုံးမှာ ဒေါ်လာ ၈ သောင်းကနေ ၁ သိန်းလောက် ရတဲ့သူတွေ ရှိတယ်။ ဒေါ်လာ ၃ သောင်းကနေ ဒေါ်လာ ၅ သောင်းအတွင်း ရနေတဲ့သူတွေလည်း ရှိတယ်။ အဲဒီလူတွေကျတော့ တလ လုပ်ခ ဒေါ်လာ ၃,၀၀၀ ဝန်းကျင်မှာပဲ ရှိတယ်။ အခု
မြန်မာပြည်ကို လာကစားနေတဲ့ နိုင်ငံခြားသားတွေလည်း အဲဒီလောက် ရနေလို့ အဆင်ပြေတယ်လို့ ပြောနိုင်ပါ
တယ်” ဟု ဦးဇော်ဇော် က ပြောသည်။

နှစ်နိုင်ငံ အသင်းများ ပူးတွဲလေ့ကျင့်နိုင်ရန်နှင့် အသေးစိတ် ဆွေးနွေးမှုများကိုလည်း ဂျပန်နိုင်ငံတွင် စက်တင်္ဘာလ
အတွင်း ပြုလုပ်မည် ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ်အနေဖြင့် အရှေ့တောင်အာရှ နိုင်ငံများအတွင်း ဂျေလိဂ်နှင့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်နိုင်
ခဲ့သည့် တတိယမြောက် နိုင်ငံ ဖြစ်လာခဲ့ပြီး ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ တို့လည်း ဂျေလိဂ်နှင့် ပူးပေါင်းဆောင်ရွက်မှု
များ ပြုလုပ်လျက်ရှိနေသည်။

ဂျေလိဂ် ဥက္ကဋ္ဌ Mr.Kazumi Ohigashi က “အာရှ ဘောလုံးလောက တခုလုံး ဖွံ့ဖြိုးဖို့အတွက် အာဆီယံနိုင်ငံတွေကို ကျနော်တို့ အကူအညီပေးသွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ဂျပန် ဘောလုံး လက်ရွေးစင် အသင်းသည် လက်ရှိအခြေအနေတွင် ကမ္ဘာ့အဆင့် ၂၂ တွင် တည်ရှိနေသည်ဟု ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။