Thursday, August 30, 2012

 တောင်ငူမြို့၏ စစ်တောင်းမြစ်ရေ စိုးရိမ်ရေအမှတ်အထက်သို့ ထပ်မံရောက်ရှိ ဒုတိယအကြိမ် ရေလွှမ်းမိုးခြင်းကြောင့် စိုက်ပျိုးခြင်းမရှိသေးသည့် လယ်မြေများပျက်စီးမှု ပိုများနိုင်


တောင်ငူမြို့တွင် စစ်တောင်းမြစ်ရေသည် ယင်းမြို့၏စိုးရိမ်ရေအမှတ် အထက်သို့ ဒုတိယအကြိမ်မြင့် တက်ရောက်ရှိလာပြီး ပထမအကြိမ် ရေလွှမ်းမိုးစဉ်က ပျက်စီးသွားသော လယ်မြေများတွင် အစားထိုးစိုက်ပျိုး ရန်မျိုးစပါးများ ပံ့ပိုးထားသော်လည်း ပြန်လည်စိုက်ပျိုးနိုင်ခြင်း မရှိသေးဘဲ ပထမအကြိမ်ရေလွှမ်းမိုးမှုဖြစ်ပွားစဉ်က ထိခိုက်ခဲ့သောလယ်မြေများ ဒုတိယအကြိမ်ရေလွှမ်းမိုးမှု ဖြစ်ပွားပါက ပျက်စီးဆုံးရှုံးမှု ထပ်မံဖြစ်ပွား နိုင်ကြောင်း ဒေသခံမိုးစပါးစိုက်ပျိုးသူ တောင်သူလယ်သမားများထံမှ သိရှိရသည်။

တောင်ငူခရိုင်တွင် စစ်တောင်း မြစ်ရေသည် သြဂုတ်လ ၁၃ ရက်နေ့ တွင် ၆၃၆ စင်တီမီတာသို့ရောက် ရှိကာယင်းမြို့၏စိုးရိမ်ရေအမှတ် အထက် ၃၆ စင်တီမီတာ ကျော်လွန်ခဲ့ပြီးနောက် မိုးစပါးစိုက်ခင်း ၁၉၅၄၉ ဧက ရေလွှမ်းမိုးနစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး တောင်ငူမြို့တွင် မိုးစပါးစိုက်ဧက ၂၀၀ ပျက်စီးသွားကြောင်း ပဲခူးတိုင်း ဒေသကြီး မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်အသင်းမှ သြဂုတ်လ ၁၈ ရက် နေ့စာရင်းများအရ သိရသည်။
“ဒီတစ်ခါရေ၀င်တာ နှစ်ကြိမ် ဖြစ်သွားပြီဆိုတော့ ပျက်စီးမှုက ပိုများသွားနိုင်တယ်။ ပထမရေတက်ပြီး ကျသွားတော့ စပါးပင်ကမသေသေး ဘူးဆိုပေမယ့် အပင်ကညှိုးပြီး ခပ်ပျော့ပျော့ပဲကျန်တော့တယ်။ အခုရေကျတာကမှ မကြာသေးဘူး ရေက ပြန်ဝင်လာတော့ စပါးခင်းကပျက်ဖို့ သေချာသွားပြီ။ ပထမအကြိမ် စပါး ခင်းတွေပျက်တော့ တာဝန်ရှိသူ တွေက မျိုးစပါးတွေလာပြီး ထောက်ပံ့ ပေးသွားတယ်၊ ရေက ချက်ချင်းပြန်တက်လာတော့ ပြန်မစိုက်ရသေးဘူး။ မျိုးစပါးပြန်ထောက်ပံ့ပေးထားတဲ့စပါး ကသက်တမ်းတိုစပါးဆိုပေမယ့်စပါး စိုက်သင့်တဲ့အချိန်ထက် အရမ်းနောက်ကျပြီး စိုက်ရင် ရာသီမမှန်သလိုဖြစ်ရင်တော့ စပါးခင်းမှာ အအေးဓာတ် မိတာတွေ၊ အနှံထွက်ချိန်မှာ ၀တ်မှုံကူးတာအားနည်းသွားပြီး အသီး မအောင်တာတွေ၊ အထွက်နှုန်း ကျတာတွေ၊ ပိုးကျတာတွေ ဖြစ်လာနိုင်ပါတယ်”ဟု တောင်ငူမြို့နယ် သဖန်းပင်ကျေးရွာမှတောင်သူအချို့ က ပြောပါသည်။
တောင်ငူမြို့တွင်စစ်တောင်း မြစ်ရေသည်သြဂုတ်လ ၂၄ ရက်နေ့ ညနေ  ၆ နာရီခွဲအချိန်၌ စိုးရိမ်ရေ အမှတ်အထက်၆၀၀ စင်တီမီတာသို့ ဒုတိယအကြိမ်ပြန်လည်မြင့်တက်လာ ပြီး ၂၆ ရက်နေ့နံနက် ၆ နာရီခွဲ အချိန်တွင် ၆၁၀ စင်တီမီတာသို့ ရောက်ရှိလာကာ ၂၇ ရက်နေ့နံနက် ၆ နာရီခွဲအချိန်တွင် ၆၁၉ စင်တီမီ တာသို့ရောက်ရှိနေကြောင်း သိရှိရ သည်။  

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။