Thursday, August 30, 2012

 မြန်မာနိုင်ငံ၌ ဦးနှောက်သေ နှလုံးခုန်နေသည့် ကျောက်ကပ်အလှူရှင်ထံမှ ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသနိုင်ရန် စတင်ပြင်ဆင်နေဟု သိရ


မြန်မာနိုင်ငံ၌ ဦးနှောက်သေ နှလုံးခုန်လူသေ (Cadaveric heart beating) နေသည့် ကျောက်ကပ်အလှူ ရှင်ထံမှ ကျောက်ကပ်အစားထိုးခွဲ စိတ်ကုသနိုင်ရန် စတင်ပြင်ဆင်နေကြောင်း ရန်ကုန် အထွေထွေရောဂါ ကုဆေးရုံသစ်ကြီး ဆီးနှင့်ကျောက်ကပ် ခွဲစိတ်ကုပညာဌာနမှ ပါမောက္ခ/ဌာနမှူး ဒေါက်တာတိုးလွင်၏ ပြောကြားချက်အရ သိရှိရသည်။

ကျောက်ကပ်အစားထိုးရာတွင် မိဘသားသမီးအရင်းထံမှ ကျောက်ကပ်ယူ၍အစားထိုးခြင်း၊ သူစိမ်းထံမှ ကျောက်ကပ်ယူ၍ အစားထိုးခြင်း၊ ဦးနှောက်သေ နှလုံးခုန်လူသေထံမှ ကျောက်ကပ်အစားထိုးခြင်းနှင့် ဦးနှောက်သေ နှလုံးမခုန် လူသေထံမှ ကျောက်ကပ်အစားထိုးခြင်းဟူ၍ အမျိုးအစားလေးခုရှိသည်ဟု သိရသည်။
သို့သော် မြန်မာနိုင်ငံ၌ ကျောက်ကပ်အစားထိုးရာတွင် မိဘ၊ မောင် နှမအရင်းများဆီမှ ကျောက်ကပ်ယူ ၍ အစားထိုးခြင်းကို ယခင်ခွဲစိတ်စဉ်ကတည်းက ဥပဒေအရခွင့်ပြုခဲ့ပြီး ဦးနှောက်သေနှလုံးခုန် လူသေနေသည့် ကျောက်ကပ်အလှူရှင်ထံမှ ကျောက်ကပ်အစားထိုးခြင်းကိုမူ မကြာသေးမီနှစ်များက ခွင့်ပြုထားကြောင်းနှင့် အခြားနည်းလမ်းနှစ်ခုကိုမူ ဥပဒေအရ ခွင့်မပြုကြောင်း သိရသည်။
“မြန်မာနိုင်ငံမှာ ငွေရေးကြေးရေး ကျောက်ကပ် အရောင်းအ၀ယ် ကိစ္စတွေမဖြစ်အောင် မိဘသားသမီး အရင်းဆီကယူတာကိုပဲ ခွင့်ပြုထားတယ်။ တခြားနိုင်ငံတွေမှာတော့ အပြင် သူစိမ်းဆိုရင်လည်း လက်ခံ ပါတယ်၊၊ ဒီမှာကမောင်နှမတစ်ဝမ်းကွဲတောင် ပေးလို့ မရပါဘူး။ ဒီတော့ အရေအတွက်များများ မခွဲနိုင်တဲ့အပြင် ခွဲမယ့်လူနာတွေမှာလည်း အခက် အခဲတွေရှိတယ်။ ဒါကြောင့် ဦးနှောက်သေနှလုံးခုန်နေတဲ့ ကျောက်ကပ်အလှူရှင်ဆီက ကျောက်ကပ်ယူပြီး အစားထိုးနိုင်ဖို့ စပြင်နေပါတယ်” ဟု ဒေါက်တာတိုးလွင်က ပြောပြခဲ့သည်။
“ပြည်တွင်းမှာ ခွဲစိတ်မယ်ဆိုရင် ကုန်ကျစရိတ်က ကျပ်သိန်း၆၀ ၀န်းကျင်ကုန်ကျတယ်။ ဒါက သူ့အတွက် အသုံးပြုရတဲ့ဆေးတွေ ကုန်ကျတာပါ။ ကျန်တဲ့ဆေးရုံ၊ ခွဲစိတ်ခ စတာတွေကို နိုင်ငံတော်က ကျခံ ထားတာဖြစ်တယ်။ ပြည်ပနိုင်ငံတွေ မှာဆိုရင် ဥပမာ-အိန္ဒိယမှာဆိုရင် ကျပ်သိန်းနှစ်ရာကျော်ကုန်ပြီး တခြား ဥရောပနိုင်ငံမှာဆို ဒီထက်ပိုကုန်ပါ တယ်”ဟု ရန်ကုန်ပြည်သူ့ဆေးရုံ ကြီး ဆီးနှင့်ကျောက်ကပ်ဆေး အထူး ကု ဌာနမှ ပါမောက္ခ/ဌာနမှူး ဒေါက် တာခင်မောင်ဋ္ဌေးက ပြောပြခဲ့သည်။
ကျောက်ကပ် အစားထိုးခွဲစိတ် ကုသရန်အတွက် ပေးလှူလက်ခံသူများတွင် မောင်နှမအချင်းချင်းမှ ၇၀ ဒသမ ၇ ရာခိုင်နှုန်း၊ မိဘမှ ၁၇ ဒသမ ၁ရာခိုင်နှုန်း၊ သားသမီးများမှ ၁၂ ဒသမ ၂ ရာခိုင်နှုန်းတို့ဖြစ်ပြီး အစားထိုးကုသမှု ခံယူခဲ့သူလူနာများ အနက် အသက် ၃၅ နှစ်မှ ၅၀ နှစ် အတွင်းရှိလူနာများမှာ အများဆုံးဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။