Thursday, August 30, 2012

အဏ္ဏဝါ ဂေဟစနစ် ကျွန်းစုမှ စတင်ထိန်းသိမ်းရန် ပြင်ဆင်

ရန်ကုန် (မဇ္ဈိမ)။   ။ ဇီဝမျိုးစုံ မျိုးကွဲများနှင့် ရေသံယံဇာတများတည်ရှိရာ တနင်္သာရီတိုင်း၊  ကျွန်းစုမြို့နယ်၌ သန္တာကျောက်တန်း၊ ပင်လယ်မြက်ခင်း အပါအဝင် အဏ္ဏဝါဂေဟစနစ် ထိန်းသိမ်းခြင်းလုပ်ငန်းများကို ယခုနှစ်အတွင်း
ဆောင်ရွက်သွားရန် အဆိုပြုထားကြောင်း ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူ တဦးက ပြောသည်။



ထိန်းသိမ်းဆောင်ရွက်ခြင်းကို မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန၊ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေးအသင်း(BANCA)နှင့် အင်္ဂလန်နိုင်ငံ အခြေစိုက် အပြည်ပြည်ဆိုင်ရာ တိရစ္ဆာန်မျိုးစုံနှင့် ပန်းမံများ ထိန်းသိမ်းရေးအဖွဲ့ (FAUNA & FLORA International- FFI) တို့ ပူးပေါင်း ဆောင်ရွက်နိုင်ရန်အတွက် FFI က ဝန်ကြီးဌာနသို့ အဆိုပြုလွှာ တင်ထားသည်။

ဝန်ကြီးဌာန ခွင့်ပြုချက် ရလျှင်ရချင်း ဆောင်ရွက်သွားမည်ဟု ငါးလုပ်ငန်း ဦးစီးဌာန၊ ပတ်ဝန်းကျင်နှင့် မျိုးသုဉ်းရှားပါး
ရေသတ္တဝါ ထိန်းသိမ်းရေး ဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမြသန်းထွန်း က ပြောသည်။

“ကျွန်းစုမြို့နယ်ကနေ ကနဦးနဲ့ စမယ်။ အဲဒီမှာရှိတဲ့ သယံဇာတတွေ၊ ရေနေ သတ္တဝါများ နေထိုင်ရာဒေသတွေ၊ သန္တာကျောက်တန်းနဲ့ ပင်လယ်မြက်ခင်းပြင်တွေကို ထိခိုက် ပျက်စီးမှု မရှိအောင် ကာကွယ်မှာ ဖြစ်တယ်” ဟု ဦးမြသန်းထွန်း က ဆိုသည်။

ထိန်းသိမ်းရေးလုပ်ငန်းစဉ်ကို ငါးနှစ် ဆောင်ရွက်သွားမည် ဖြစ်ပြီး နောက်ပိုင်းတွင် ဒေသခံများ ကိုယ်တိုင် ထိန်းသိမ်းမှုတွင် ပါဝင်လာစေရေးအတွက် ပညာပေးကဏ္ဍပါ ပူးတွဲ ဆောင်ရွက်သွားမည် ဖြစ်သည်။

စီမံကိန်း ပထမနှစ်အတွက် အမေရိကန် ဒေါ်လာ တသန်းကို FFI က ထောက်ပံပေးသွားမည်ဟု အဆိုပါ လုပ်ငန်း
တွင် ပါဝင်ဆောင်ရွက်မည့်သူ တဦးက ပြောသည်။

FFI က ကျွန်းစုတွင် ထိန်းသိမ်းမှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၀ ခုနှစ်က မြန်မာနိုင်ငံသို့ လာရောက်
ခဲ့သော်လည်း အောင်မြင်မှု မရခဲ့ပေ။

ယခုစီမံကိန်းတွင် သန္တာကျောက်တန်းများရှိ အဏ္ဏဝါဂေဟစနစ် လေ့လာရေး၊ အဏ္ဏဝါ ဂေဟစနစ်ကို ခြိမ်းခြောက်
နေသည့် အချက်များကို ရှာဖွေသတ်မှတ်ခြင်း၊ ဒေသခံ ငါးဖမ်းလုပ်ငန်းနှင့် လူမှုရေးဆိုင်ရာ လေ့လာခြင်း စသည်တို့ကို ဆောင်ရွက်သွားမည် ဖြစ်သည်။

“အဲဒီ ဒေသကို ထိန်းသိမ်းကာကွယ်လိုက်မယ်ဆိုရင် ရေသယံဇာတတွေ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာမယ်။ ငါးရိက္ခာ ဖူလုံမှု ရှိလာမယ်။ ပြည်သူလူထုပါ ပူးပေါင်း ပါဝင်စေမှာ ဖြစ်တဲ့အတွက် ဒေသခံပြည်သူတွေ အသိပညာ ဗဟုသုတ ရလာမယ်။ သူတို့က သဘာဝ သယံဇာတတွေရဲ့ အရေးပါမှုကို သိသွားမယ်” ဟု ဦးမြသန်းထွန်း က ဆိုသည်။

သန္တာကျောက်တန်းနှင့် ပင်လယ်မြက်ခင်းပြင်တို့သည် ငါး၊ ပုစွန်တို့ နေထိုင်ကျက်စား ပေါက်ဖွားခြင်းအတွက် အထူးအရေးပါသည့် အတွက် ယင်းဒေသကို ကာကွယ် ထိန်းသိမ်းခြင်းဖြင့် ရေသယံဇာတ ဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူ ဖြစ်လာစေမည်ဟု ဆိုသည်။

သန္တာကျောက်တန်းနှင့် ပင်လယ်မြက်ခင်းပြင်တို့၏ အရေးပါမှုကိုလည်း “အဲဒီနေရာမှာက သန္တာကျောက်တန်း
(Coral)တွေ အရမ်းများတယ်။ ရေသံယံဇာတ ထိန်းသိမ်းခြင်း ဆိုတာကလည်း တကမ္ဘာလုံးမှာ ဒီသန္တာကျောက်တန်းတွေ၊ ပင်လယ်မြက်တွေကို ထိန်းတာ။ ဒါတွေကို ဘာလို့ထိန်းလဲဆိုရင် ကမ်းရိုးတန်းမှာ ဆိုရင် ငါးတွေ၊ ပုစွန်တွေရဲ့ သားပေါက်တွေအတွက် ပင်လယ်ရေနေ သယံဇာတ ထိန်းသိမ်းစောင်ရှောက်မှုလည်း
ဖြစ်တယ်။ သူတို့အတွက် အဓိကပဲ” ဟု BANCA မှ တာဝန်ရှိသူ တဦးက ပြောသည်။

ပင်လယ်ကမ်းခြေတလျှောက် အောက်ခြေဒရွတ်ဆွဲပိုက်(Bottom Trawl)များဖြင့် ငါးများကို ဖမ်းဆီးသည့်အတွက် သန္တာကျောက်တန်း အများအပြား ပျက်စီးရပြီး နောက်ဆက်တွဲအဖြစ် ငါးဖမ်းဆီးရရှိမှု နည်းလာစေသည်။ သန္တာကျောက်တန်းများကို ထိန်းသိမ်းကာကွယ်ခြင်းဖြင့် ငါး၊ ပုစွန် ထုတ်လုပ်မှုလည်း ပြန်လည် မြင့်တက်လာစေမှာ
ဖြစ်သည်။

မြိတ်ကျွန်းစုဒေသတွင် ကျွန်း အကြီး၊ အသေးပေါင်း ၈၀၀ ကျော် ရှိပြီး ဘင်္ဂလား ပင်လယ်အော် ဧရိယာတွင်
ရေသံယံဇာတ ထိန်းသိမ်း သွားရန် အရေးပါသည့် နေရာတခုလည်း ဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။