Thursday, June 14, 2012

NLD အတွင်းရေးမှူး ဦးဉာဏ်ဝင်း မမှန်သတင်းပေးမှုဖြင့် တရားစွဲဆိုခံရ

ရန်ကုန် (မဇ္ဈိမ) ။         ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အတွင်းရေးမှူး ဦးဉာဏ်ဝင်းအား ဇမ္ဗူသီရိမြို့နယ် တရားရုံးတွင် ဥပဒေပုဒ်မ ၁၈၂ ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တရားစွဲဆိုထားကြောင်း ဦးဉာဏ်ဝင်းက မဇ္ဈိမသို့ ပြောသည်။

“ကျနော့်ကို ပုဒ်မ ၁၈၂ မမှန်သတင်းပေးပို့မှုနဲ့ တရားစွဲထားတယ်လို့ သိရပါတယ်” ဟု ပြောသည်။

NLD အတွင်းရေးမှူး အနေဖြင့် ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနေစဉ် မဲလက်မှတ်များတွင် ဖယောင်းသုတ်မှုများ ရှိနေသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တိုင်ကြားခဲ့သည်။

“ကျနော့်ကို တရားစွဲထားတဲ့ အဆိုလွှာကို မဖတ်ကြည့်ရသေးပါဘူး။ နေပြည်တော်ရောက်မှ အတိအကျ သိရမှာ
ဖြစ်ပါတယ်” ဟု ဦးဉာဏ်ဝင်း က ပြောဆိုပြီး ဇွန်လ ၁၄ ရက်နေ့တွင် တရားရင်ဆိုင်ရန်အတွက် နေပြည်တော်သို့ ဗုဒ္ဓဟူးနေ့က ထွက်ခွါသွားပြီ ဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ဖယောင်းသုတ်သည့် တိုင်ကြားမှုနှင့် ပတ်သက်ပြီး မေလ ၉ ရက်နေ့က
ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။

“ဖယောင်းသုတ်မှုဖြစ်စဉ် လုံးဝဖြစ်ပွားခဲ့မှု မရှိကြောင်း၊ တရားဝင် တိုင်ကြားသူလည်း မရှိကြောင်းနှင့် ယခုကဲ့သို့ မမှန်မကန် စွပ်စွဲပြောဆိုမှုများကြောင့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ ဂုဏ်သိက္ခာ ကျဆင်းနိုင်သဖြင့် မမှန်မကန် တိုင်ကြားသူအား ကော်မရှင်က လိုအပ်လျှင် အရေးယူနိုင်ရန် ဥပဒေနှင့်အညီ ခေါ်ယူရှင်းလင်း အသိပေးခြင်း
ဖြစ်ကြောင်း” အဆိုပါ ကော်မရှင် ကြေညာချက်တွင် ပါရှိသည်။

ဦးဉာဏ်ဝင်းသည် ကြားဖြတ်ရွေးကောက်ပွဲကာလအတွင်း NLD ၏ ရွေးကောက်ပွဲ အောင်နိုင်ရေး မန်နေဂျာ အဖြစ်
ဆောင်ရွက်ခဲ့ပြီး လစ်လပ် ၄၄ နေရာတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၄၃ နေရာ အနိုင်ရရှိခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။