Thursday, June 14, 2012

“ပ”အက္ခရာပြီးစီးပါက နှစ်(၂၀)ကျော်လိုင်စင်သက်တမ်းရှိ ယာဉ်ဟောင်းများ လက်ခံသွားမည်

အိုဟောင်းယာဉ်လက်ခံမှုတွင် (ပ)အက္ခရာမော်တော်ယာဉ်များအား လက်ခံပြီးစီးပါက လိုင်စင်သက်တမ်း အနှစ်(၂၀)ကျော် စာရင်း ဝင်မော်တော်  ယာဉ်ဟောင်းများအား ဆက်လက်လက်ခံသွားမည်ဖြစ်ကြောင်း သိရှိရသည်။
 

(ပ)အက္ခရာမော်တော်ယာဉ်ဟောင်းများကို ၂၀၁၂ ခုနှစ် ဇွန်လ(၁)ရက်နေ့မှ စတင်လက်ခံဆောင်ရွက်ပေးနေပြီး အဆိုပါ အက္ခရာ ရှိ ယာဉ်များ လက်ခံပြီးစီးပါက သက်တမ်း(၂၀)ကျော် မော်တော်ယာဉ်ဟောင်းလက်ခံမှုကို ဆက်လက်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက သိရှိရသည်။
 
“(ပ) အက္ခရာက အခုမှ စပြီးလက်ခံစလေ။ (ပ)အက္ခရာတွေ အကုန်ပြီးမှ ကျန်တာက ဆက်လုပ်လို့ရမှာ။ ဒီအစီအစဉ်တွေ က နဂိုစတင် လုပ်ဆောင်ကတည်းကပါခဲ့ပြီးသားပါ ၊ သက်တမ်း (၂၀)ကျော်ယာဉ်တွေကို ဘယ်နေ့စပြီး လက်ခံမယ်ဆို တာတော့ မသိသေးဘူး၊ ”ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာနရုံးမှ တာဝန်ရှိသူ ကပြောသည်။
 
၂၀၁၂ ခုနှစ် မေလ (၃၀)ရက်နေ့ထိ မော်တော်ယာဉ်အို ယာဉ်ဟောင်းများ လက်ခံမှု စာရင်းများအရ  (၅၁၄၇၁) (ငါးသောင်း တစ်ထောင့် လေးရာ့ ခုနှစ်ဆယ့်တစ်စီး)ရှိပြီဖြစ်သည်။
 
၂၀၁၂ခုနှစ်၊ မေလ(၇)ရက်နေ့က နိုင်ငံခြားငွေ ဘဏ်အကောင့်ရှိသူတိုင်း ၂၀၀၇ မော်ဒယ်နှင့်အထက် ကားများအား ပါမစ်မလိုပဲ မည်သည့် ကားမဆိုလွတ်လပ်စွာ တင်သွင်းခွင့်ပြုခြင်းကြောင့် အိုဟောင်းယာဉ် အပ်နှံမှုများ သိသိသာသာ လျော့ကျသွားကြောင်းကိုလည်း သိရှိရသည်။
 
“လက်ရှိအချိန်မှာတော့ မော်တော်ယာဉ်ဟောင်းအပ်နှံမှုတွေ အရမ်းနည်းနေပါတယ်။ အကြောင်းကတော့ အရင်ကလို မဟုတ်တော့ပဲနဲ့ ကားတွေကို ပါမစ်မလိုပဲ တင်သွင်းခွင့်ပြုနေတာကြောင့်ပါ။ တစ်ချို့ဆိုရင် ကားတွေ တောင် မအပ်ကြတော့ပါဘူး”ဟု Grand Member Centre Service ကားကုမ္ပဏီမှ ဦးစိုးလင်းထွန်းက ပြောသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။