Thursday, June 14, 2012

တစ်သောင်းတန်ငွေစက္ကူကြောင့် အိမ်ခြံမြေဈေးတက်ဖွယ်မရှိဟု အကျိုးဆောင်များသုံးသပ်

အသစ်ထွက်ရှိလာသည့် တစ်သောင်းတန်ငွေစက္ကူကြောင့် အိမ်ခြံမြေဈေးကွက်မှာ ဈေးထပ်တတ်ဖွယ်မရှိဟု ရန်ကုန်အိမ်ခြံမြေ ဝန်ဆောင်မှု လုပ်ငန်းများက သုံးသပ်ပြောဆိုကြသည်။
 “ငါးထောင်တန်ငွေစက္ကူထွက်လာတုန်းကလည်း သိသိသာသာတက်သွားတာမျိုးမရှိခဲ့ပါဘူး။ လူတွေက နိုင်ငံတော် ကနေပြီး ငွေစက္ကူ အသစ်ထုတ်ရင် ဘာတွေ ဈေးတက်မယ် ဘာတွေဖြစ်မယ်ဆိုပြီး ခန့်မှန်း ပြောနေကြ တာ။ တချို့မီဒီယာတွေကလည်း စီးပွားရေး သမားတွေရဲ့စကားကြောင့် ဈေးတွေတက်မယ်ဆိုပြီး ဖော်ပြတာ မျိုးတွေရှိနေတယ်လေ။ အဲဒါကလည်း မီးလောင်ရာလေပင့်သလို မျိုးဖြစ်နေတာပေါ့”ဟုမြင်မိုရ်အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းမှ ဦးတိုးလွင်က ပြောသည်။
 
ဒီမိုကရေစီနိုင်ငံသို့ချီတတ်နေစဉ်ကာလအတွင်း အပြောင်းအလဲမျိုးစုံဖြစ်ပေါ်နေချိန်တွင် စီးပွားရေးသမား အချို့၏ အိမ်ခြံမြေများတွင်   ဈေးကစားသည့် ပုံစံမျိုးပြုလုပ်နေသည့်အတွက် အချို့နေရာများတွင် ဖြစ်သင့်သော ဈေးနှုန်းထက်ပိုမိုတောင်းခံကာ အရောင်းအဝယ် လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်းကိုလည်း ၎င်းက ထပ်မံပြော ကြားသည်။

မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ ရင်းနှီးမြှပ်နှံမှုများလာရောက်လုပ်ကိုင်ရန်အတွက် ထိုင်း၊ မလေးနှင့်ဂျပန်နိုင်ငံများ က ကိုယ်စားလှယ် များစေလွှတ်၍ မြန်မာ့အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းများသို့ စုံစမ်းမှုများ ရှိလာကြောင်း ကိုလည်း သိရှိရသည်။
 
သို့သော် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်သတ်မှတ်ထားသည် မြေနေရာအချို့သည်  ရှိသင့်သည့် ဈေးနှုန်းထက် ပိုမြင့်နေနှင့် စက်မှုလုပ်ငန်း များလုပ်ကိုင်ရန်အတွက် လျှပ်စစ်မီးလုံလောက်မှုမရှိခြင်းတို့သည်နိုင်ငံတကာမှ ရင်းနှီးမြှပ်နှံလိုသူ  များအတွက် အဟန့်အတားဖြစ်နေသည်ဟု စီးပွားရေးပညာရှင်များက သုံးသပ်ကြသည်။
 

၂၀၁၂ ခုနှစ် နှစ်အစမှ ဇွန်လ လဆန်းပိုင်းအထိ ရန်ကုန်မြို့ အိမ်ခြံမြေ အရောင်းအဝယ် ဈေးကွက်အတွင်း ဈေးနှုန်းများ သိသိသာသာ   ပြောင်းလဲသွားခြင်းမျိုးမရှိဘဲ အတက်အကျမှန်မှန်ဖြင့် အရောင်းအဝယ်မှာလည်းပုံမှန်အနေအထားအတိုင်း  ရှိနေခဲ့သည်ဟု အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းများထံမှ သိရသည်။
 
“မြို့သစ်မြို့နယ်တွေမှာ အရောင်းအဝယ်တွေ အရမ်းဖြစ်နေကြတယ်။အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းတွေဆို မနှစ်ကထက် ထက်ဝက်ကျော်လောက် တိုးလာတာကိုတွေ့ရတယ်။ ဒါပေမယ့် အဲဒီဘက်တွေမှာ လမ်းလျှောက် ပွဲစားတွေက ပိုအလုပ်ဖြစ်ကြတယ်” ဟု သာကေတမြို့နယ်မှ အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သူ ဦးမြင့်ဇော်က ပြောသည်။
 

ရန်ကုန်မြို့တွင်း၌ ဇန်နဝါရီလဆန်းပိုင်းမှ ဇွန်လ ပထမပတ်ကျော်သည်အထိ ကျပ်သိန်းနှစ်ရာ့ငါးဆယ်ဝန်းကျင် နှင့်ကျပ်သိန်းလေး ရာကြား   လူနေတိုက်ခန်းအများစု အရောင်းအဝယ်ဖြစ်လျက်ကြောင်း သိရသည်။
 

ရန်ကုန်မြို့နှင့် အနီးတဝိုက်မြို့နယ်များဖြစ်သော ဒဂုံမြို့သစ် မြောက်(တောင်) ပိုင်းမြို့နယ်များ၊ လှိုင်သာယာမြို့နယ်၊သာကေတမြို့ နယ်   ဥက္ကလာပမြို့နယ်(မြောက်/တောင်) တို့ရှိ လမ်းမကြီးများ၏ ဘေးတစ်ဖက်တစ်ချက်ရှိ သွားလာရေးလွယ်ကူသည့် နေရာများတွင် ကျပ်သိန်း သုံးထောင်ကျော်အထိရှိနေကြောင်း အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်းများမှ သိရသည်။
 

အဆိုပါမြို့နယ်များတွင် လက်ရှိချိန်အထိ အရောင်းအဝယ် အများဆုံးဖြစ်နေသည့်လူနေရပ်ကွက်များအတွင်းရှိ   မြေကွက်များ သည့်   မြေအကျယ်အဝန်းနှင့် နေရာပေါ်မူတည်၍ (ပေ-၂၀-ပေ-၆၀)မြေကွက်တွင် ကျပ်သိန်း ၄၀ ဝန်းကျင်မှ ကျပ်သိန်း ၃၀၀အောက် အထိရှိနေသည်ဟု သိရသည်။
 
နိုင်ငံတော်မှအသစ်ထုတ်လုပ်မည့် ငွေကျပ်တစ်သောင်းတန်ငွေစက္ကူများကို ပြည်သူလူထုထံသို့ ဇွန်လ(၈)ရက်နေ့တွင် ချပြခဲ့ပြီး၊ ဇွန်လလယ်ပိုင်းတွင် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။