Thursday, June 14, 2012

အင်းအိုင်များတွင် ငါးရှားလာ၍ ပြည်ပတင်ပို့မှု၌ ဈေးမြှင့်တင်ရန် ကြိုးစားလာ

အင်းအိုင်ထုတ်လုပ်မှုကဏ္ဍတွင် ငါးများရှားပါးပြီး စံပြငါးဈေးသို့ မွေးမြူရေးငါးအ၀င်နည်းနေခြင်းကြောင့်   ပြည်ပတင်ပို့ သူများအနေဖြင့် ငါးဈေး တိုးတောင်းသင့်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က သိရှိရသည်။
 
 
 “ ငါးရဖို့ အင်မတန်ခက်သွားတဲ့အတွက် Exporter တွေအနေနဲ့ ခဲထားတဲ့ ငါးတွေရှိရင် နိုင်ငံခြားကို ဈေးတိုး တောင်းသင့်ပါတယ်။ အခုငွေလဲလှယ်နှုန်းနဲ့က ဘယ်လိုမှ မကိုက်ပါဘူး။ သွင်းအားစုဘဏ်ငွေတန်ဖိုးက မကျပဲ နဲ့ ထုတ်ရောင်း ငွေတန်ဖိုးက ကျတော့ ထုတ်လုပ်သူတွေ ရှုံးကုန်တယ်။ ပြည်တွင်းမှာ ငါးမွေးတဲ့သူတွေ အင်မတန်ရှုံးတယ်။ ဒါ့ကြောင့် ကျွန်တော်အနေနဲ့ Exporterတွေ ကိုဈေးတိုးတောင်း သင့်တယ်လို့ တောင်းဆို ချင်ပါတယ် ” ဟု ဇွန် ၁၂ရက်နေ့ ငါးလုပ်ငန်းအင်္ဂါနေ့အပတ်စဉ်အစည်းအဝေးတွင် မအူပင်မြို့နယ် ငါးမွေးလုပ် ငန်းရှင်တစ်ဦး ဒေါက်တာမြင့်စိန်က ပြောသည်။ 
 
မြန်မာ့အင်းအိုင်ထုတ်လုပ်မှုလုပ်ငန်းများတွင် ငါးများရှားပါးလာခြင်းမှာ ရာသီဥတုကြောင့် လည်းကောင်း၊ ကျန်းမာရေးကြောင့်သော် လည်းကောင်း၊ ကုန်ထုတ်လုပ်မှုအရှုံးပေါ်နေသည့်အတွက် ရှိပြီးသားငါးများအား အစာဝအောင် မကျွေးနိုင်ခြင်းကြောင့် ရှားပါးလာ ရခြင်းဖြစ်ကြောင်း သိရှိရသည်။
 
ငါးမွေးမြူသူများ ဆုံးရှုံးမှုများ ကြုံတွေ့နေရသကဲ့သို့ ပြည်ပတင်ပို့သူ(Exporter)များအနေဖြင့်လည်း တနေ့လျှင် (၃) တန် ထုတ်ရမည့်အစား လေရက်လျှင် (၁)တန်သာထုတ်လုပ်နိုင်၍ ၀န်ထမ်းစရိတ်များ အရှုံးပေါ်ကာ နိုင်ငံခြား ၀င်ငွေလျော့နည်း လာခြင်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။ 
 
“အခုက ငါးဈေးက ကုန်ရှားလို့ ပြား(၅၀) လောက် တက်တယ်။ ဈေးတက်ပေမယ့် ၀ယ်သူတွေကို ပြား(၂၀) လောက်ဈေးတိုးတောင်း ရင် ဖြစ်နိုင်တဲ့အနေအထားရှိပေမယ့် အိန္ဒိယကို ပို့တဲ့အခါမှာ (၁၀) ပြားလောက်တိုး တောင်းဖို့တောင် ခက်ခဲပါတယ်။ အအေးခန်းတွေ ကလည်း ၂၄ နာရီစလုံး ရပ်မထားရတဲ့ လုပ်ငန်းတွေ ဖြစ်တဲ့ အတွက် ငါးသမားတွေရှုံးနေတာပါ။ ဒီနေ့လို ပြည်ပကို အကြောင်းအမျိုး မျိုးကြောင့် မတင်ပို့နိုင်ရင် နိုင်ငံခြား ၀င်ငွေနည်းသွားမယ်။ စားသုံးသူ လူဦးရေ (၁ သိန်း)လောက် ရောင်းနိုင်ရမယ့်နေ ရာမှာငါးနည်းနေ လို့ (၅ သောင်း)လောက်ပဲ ရောင်းရနိုင်တယ်” ဟု ရေထွက်ပစ္စည်းနှင့်ပို့ကုန်လုပ်ငန်းမှဒေါ်တိုးနန္ဒာတင်ကပြောသည်။       
        
ယခုအခါ အင်းအိုင်ထုတ်လုပ်မှုလုပ်ငန်းများ မရှိသလောက် နည်းပါးလာခြင်း၊ ၂၀၀၉-၂၀၁၀ ခုနှစ်များတွင် ငွေတန်းဖိုးကျဆင်း လာခြင်း တို့ကြောင့် ငါးမွေးမြူရေးကန် တစ်ဧကလျှင်( ၁၂ သိန်း)၀န်းကျင်ခန့် ဆုံးရှုံးမှုများ ရှိလာကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က  သိရှိရသည်။  
 
လက်ရှိတွင် မြန်မာနိုင်ငံမှမွေးမြူရေးငါးများအား ပြည်ပနိုင်ငံများဖြစ်သော EU၊ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့(ရှ်)၊ ဗီယက်နမ်၊  ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိသည်။
 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။