Thursday, June 14, 2012

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ဆူပူအကြမ်းဖက်မှုများ ရက်သတ္တပတ်နီးပါး ကြာမြင့်လာ အခြားမြို့ကြီးများတွင်မူ လူမျိုး၊ ဘာသာပေါင်းစုံ အေးချမ်းစွာ နေထိုင်လျက်ရှိနေ

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ဆူပူအကြမ်းဖက်မှုများသည် လက်ရှိတွင် ရက်သတ္တပတ်နီးပါး ကြာမြင့်လာပြီဖြစ်ပြီး အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာမှုများ ပြုလုပ်ခဲ့သော်လည်း အကြမ်းဖက်မှုများ ဆက်လက် ဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိသည်။
ရခိုင်တိုင်းရင်းသား နည်းပါးသော မြို့နယ်များဖြစ်သည့် မောင်တော၊ စစ်တွေ စသည့်မြို့များတွင် အကြမ်းဖက်မှုများ အဓိက ဖြစ်ပွားနေခြင်းဖြစ်ပြီး အခြားသော ကျောက်ဖြူ၊ တောင်ကုတ်၊ ရမ်းဗြဲ၊ သံတွဲ စသည့်မြို့များတွင်မူ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားခြင်း မရှိကြောင်း၊ အလားတူပင် မြန်မာနိုင်ငံ မြို့ကြီးအသီးသီးတွင် လူမျိုးဘာသာပေါင်းစုံ အေးချမ်းစွာ နေထိုင်လျက်ရှိကြောင်း သိရှိရသည်။
ဇွန်လ ၁၂ ရက်နေ့က နာဇီဈေးအနီး မီးလောင်ကျွမ်းမှု ဖြစ်ပွားစဉ်
ကမ္ဘာအေးကုန်းမြေတွင် ကျင်းပခဲ့သော ဘာသာပေါင်းစုံ ချစ်ကြည်ရေးအသင်းကြီးနှင့် အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းများက သြ၀ါဒခံယူပွဲနှင့် အလှူငွေပေးအပ်ပွဲ
မောင်တောမြို့ အောင်မြေဗောဓိ သာသနာ့ရိပ်သာတွင် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်း
စစ်တွေမြို့ မင်းဂံရပ်ကွက်အနီး လုံခြုံရေး တာဝန်ယူထားသော တပ်မတော်သားများကို တွေ့ရစဉ်
စစ်တွေမြို့ အာကြက်တော်ကုန်းရပ်ကွက်ရှိ အဓိဌာန်ဓမ္မာရုံတွင် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်း
စစ်တွေမြို့ အာကြက်တော်ကုန်းရပ်ကွက်ရှိ အဓိဌာန်ဓမ္မာရုံတွင် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်း
စစ်တွေမြို့ နာဇီရပ်ကွက်မှ ဘင်ဂါလီများ ကျောင်းကြီးလမ်းရပ်ကွက်သို့ ၀င်ရောက်ရန် ကြိုးစားနေသည်ကို ဇွန်လ ၁၂ ရက်နေ့က တွေ့ရစဉ် (ပုံတွင်မြင်ရသည်မှာ ဓာတ်ဆီထည့်ထားသာ ဘူးကို မီးရှို့၍ ပစ်ပေါက်ရန် ပြုလုပ်နေသည်ကို တွေ့ရစဉ်)
စစ်တွေမြို့ အာကြက်တော်ကုန်းရပ်ကွက်ရှိ အဓိဌာန်ဓမ္မာရုံတွင် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်း
နာဇီဈေးအတွင်း တွေ့ရှိရသော ဓာတ်ဆီပုံးများကို မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက လိုက်လံသိမ်းဆည်းနေသည်ကို ဇွန်လ ၁၂ ရက်နေ့က တွေ့ရစဉ်
စစ်တွေမြို့ ကျောင်းကြီးလမ်းရပ်ကွက်ရှိ ဟိန္ဒူ ဘုရားရှိခိုးကျောင်းအား မီးရှို့ခံရပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ လာရောက်ထိန်းသိမ်းနေသည်ကို တွေ့ရစဉ်
စစ်တွေမြို့ နာဇီရပ်ကွက်အတွင်း ဘင်ဂါလီအကြမ်းဖက်များကို လုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦးမှ မျက်ရည်ယိုဗုံးဖြင့် ခြောက်လှန့် ပစ်ခတ်နေသည်ကို ဇွန်လ ၁၂ ရက်နေ့က တွေ့ရစဉ်

b5_11_02_13
ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာတွင် မသီတာထွေးအား အဓမ္မပြုကျင့်၊ လူသတ်၊ ပစ္စည်း လုယက်မှု ကျူးလွန်ရာတွင် ပါဝင်ခဲ့သူနှစ်ဦးကို ကျောက်ဖြူတရားရုံးသို့ ဇွန် ၁၁ က ခေါ်ဆောင်လာစဉ်

b5_11_02_15
စစ်တွေမြို့ရှိ နာဇီရပ်ကွက် မီးလောင်ကျွမ်းမှုအား ဇွန်လ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က မြင်တွေ့ရစဉ်


ရခိုင်ပြည်နယ်အတွင်း၌ ဇွန်လ ၄ ရက်နေ့မှစတင်ပြီး မောင်တောမြို့တွင် အကြမ်းဖက်မှုများ စတင်ဖြစ်ပွားလာကာ မောင်တောနှင့် ဘူးသီးတောင်မြို့တို့၌ ရိုက်နှက်ခြင်း၊ လုယက်ခြင်းတို့ကြောင့် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ခဲ့သည်။ ထို့နောက် စစ်တွေမြို့တွင် ဇွန်လ ၁၀ ရက်နေ့၌ အကြမ်းဖက်မှုများ ဖြစ်ပွားလာကာ ဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်းမှ ညပိုင်းအထိ မီးလောင်မှု ဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ယင်းအကြမ်းဖက်မှု အခြေအနေများကို ထိန်းသိမ်းနိုင်ရန် စစ်တွေ၌လည်း ပုဒ်မ ၁၄၄ ကို ဇွန်လ ၁၀ ရက် ညနေ ၃ နာရီတွင် ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုများ ကျယ်ပြန့်လာသည့်အတွက် အရေးပေါ်အခြေအနေ ကြေညာပြီး တပ်မတော်၏ အကူအညီကို ရယူရန် ထုတ်ပြန်ခဲ့ရသည်။
အဆိုပါဖြစ်စဉ်များသည် ဇွန်လ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့များအထိ စစ်တွေမြို့တွင် ဆက်လက် ဖြစ်ပွားလျက်ရှိကြောင်းလည်း ဒေသခံများထံမှ သိရှိရသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ၂၀၁၂ ခုနှစ် ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ရခိုင်လူမျိုး အများစုနှင့် သံတော်လီကျေးရွာရှိ ဘင်္ဂါလီရိုဟင်ဂျာတို့ ခိုက်ရန်ဖြစ်ပွားခဲ့ရာမှ ငါးဦး သေဆုံးပြီး အိမ်ခြေ ၇၀ နီးပါး မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရှိသည်။
''ရခိုင်လူမျိုးတွေ မွန်းလွဲ ၁၂ နာရီခွဲလောက်က အဲဒီကျေးရွာ ပတ်ဝန်းကျင်မှာ တဖြည်းဖြည်းများလာတဲ့ အချိန်မှာပဲ ရဲကင်းတာဝန်ရှိသူတွေက လူစုခွဲဖို့အတွက် မိုးပေါ်ထောင်ပြီး သေနတ်ဖောက်ခဲ့တယ်။ အဲဒါကို သံတော်လီကျေးရွာထဲက လူမျိုးခြားတွေ ပစ်တယ်ထင်ပြီး အခုလိုဖြစ်ခဲ့တာ ပါ''ဟု ရခိုင်ပြည်နယ် လုံခြုံရေးတာဝန် ထမ်းဆောင်နေသူ ရဲမှူးကြီးလှမိုးက ရှင်းလင်း ပြောကြားပါသည်။
ဆက်လက်၍ ရဲမှူးကြီးလှမိုးက ''ကောင်းမွန်စွာ နေထိုင်ပြီး အေးအေးချမ်းချမ်းဖြစ်ဖို့အတွက် တာဝန်ယူပါတယ်။ ဒါပေမဲ့ ကျွန်တော်ပြောချင်တာက နာကျည်းတဲ့စိတ်တွေကို ရှေ့မထွက်ဘဲ နေဖို့လိုတယ်။ တာဝန်ရှိတဲ့ နိုင်ငံတော်အစိုးရက ဥပဒေအရကြောင်းအရ အရေးယူပေးသွားမှာပါ”ဟု ပြော ကြားခဲ့သည်။

ဇွန်လ ၁၂ ရက်နေ့တွင်လည်း ယင်းအကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း၊ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် စစ်တွေမြို့နယ် နာဇီရပ်ကွက်တွင် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီ ရိုဟင်ဂျာများ အဓိကရုဏ်း ဖြစ်ပွားကြောင်း သိရှိရသည်။ အဆိုပါ အဓိကရုဏ်း ဖြစ်ပွားသည့် နေရာတွင် ရဲတပ်ဖွဲ့ဝင် ၅၀ ခန့်နှင့် တပ်မတော်မှ ၃၀ ဦးခန့်က ၀င်ရောက်ဖြန် ဖြေပေးခဲ့ရသည်။

ဇွန်လ ၁၂ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်က စစ်တွေမြို့က သဲရပ်ကွက်တွင် ဘင်္ဂါလီရိုဟင်ဂျာများက အိမ်ကို မီးရှို့၍ ထွက်ပြေးသွားကြရာ မီးလောင်မှုကြောင့် ရခိုင်လူမျိုးများ၏ နေအိမ်ငါးလုံးနှင့် ဘင်္ဂါလီရိုဟင်ဂျာများ၏ နေအိမ်များလည်း မီးလောင်ကျွမ်းခဲ့သည်။

ယင်းနေ့ နေ့လယ်ပိုင်းတွင် စစ်တွေမြို့နယ် နာဇီကျေးရွာ၌ မီးအကြီးအကျယ် လောင်ကျွမ်းနေပြီး လူအချို့ ပိတ်မိနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
နာဇီရပ်ကွက် မီးလောင်မှုဖြစ်စဉ်တွင် လူမျိုးခြားများနေထိုင်သည့် နေအိမ်အတွင်းမှ မီးအား ပိုမိုတောက်လောင်စေသည့် လောင်စာဆီများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ မီးငြှိမ်းသတ်ရာတွင် အခက်အခဲရှိစေရန် လမ်းသွယ်၊ လမ်းကြားအချို့တွင် အရာဝတ္တုများစွာဖြင့် ပိတ်ပင်ထားကြောင်း ရခိုင်ပြည်နယ် မီးသတ်ဦးစီးမှူး ဦးမင်းစန်းအေးက ပြောကြားခဲ့သည်။

''အခုဖြစ်နေတဲ့နေရာက နာဇီရပ်ကွက်၊ ဘင်္ဂါလီရိုဟင်ဂျာတွေ ပြေးစရာ ထွက်ပေါက်မရှိလို့ ရပ်ကွက်ထဲကိုဝင်ဖို့ ကြိုးစားနေတယ်။ သူတို့ဝင်ဖို့ ကြိုးစားနေတဲ့နေရာက ကျောင်းကြီး လမ်းရပ်ကွက်က ထွက်ပြေးလာတဲ့ ဘင်္ဂါလီတွေနဲ့ ကျောင်းကြီးလမ်း ရပ်ကွက်က ရခိုင်တွေနဲ့ ထိပ်တိုက်တွေ့မယ့် အခြေအနေ ဖြစ်နေတယ်။ ဒီမှာက လမ်းသွယ်တွေ အများကြီး ရှိနေတယ်။ လုံခြုံရေးရောက်လာတာတော့ မရှိသေးဘူး''ဟု ဒေသခံတစ်ဦးက ပြောပါသည်။
စစ်တွေမြို့တွင် ရပ်ကွက် ၃၃ ခုရှိပြီး နာဇီရွာရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်နှင့် ဘုမေရပ်ကွက်များမှာ ဘင်္ဂါလီများ အခြေစိုက်နေထိုင်သည့် ရပ်ကွက်များ ဖြစ်ကြပါသည်။
''စစ်တွေမြို့အနီး ရပ်ကွက်တွေမှာရှိတဲ့ အစ္စလာမ် ဘာသာဝင်တွေက သူတို့ရဲ့ လုံခြုံရေးအတွက် အကာအကွယ်ပေးဖို့ ပြည်နယ်အစိုးရရုံးကို အကြောင်းကြား လာတာရှိတယ်။ ဥပမာအားဖြင့် မကျည်းမြိုင်ရပ်ကွက်က လူတွေက ဘုမေဘက်ကို သွားချင်တဲ့အကြောင်း အကြောင်းကြားလာ တွေရှိတယ်။ သူတို့ထဲမှာလည်း လူကောင်းတွေ အများကြီး ရှိနေပါတယ်။ အဲဒါကြောင့်မို့လို့ အစ္စလာမ်ဘာသာဝင်တွေအတွက် ကယ်ဆယ်ရေး စခန်းနှစ်ခု ဖွင့်ပေးထားပါတယ်။ တစ်ခုက စက်ရုံစု (နာဇီရွာအုပ်စု)၊ အ.ထ.က(ခွဲ) မှာ ဖွင့်ထားပါတယ်။ အဲဒီမှာ အစ္စလာမ် ဘာသာဝင်ဦးရေ ၂၁၂၅ ဦး ရောက်ရှိ ခိုလှုံနေပါတယ်။ အိမ်ထောင်စုပေါင်း ၃၃၃ စု ရှိပါတယ်''ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး ထိပ်တန်း အရာရှိတစ်ဦး ကEleven Media Group သို့ အတည်ပြု ပြောကြားပါသည်။
''မကျည်းမြိုင်ဗလီမှာလည်း ကယ်ဆယ်ရေး စခန်းတစ်ခု ဖွင့်ထားပါတယ်။ အဲဒီမှာ အစ္စလာမ်ဘာသာဝင် ၃၀၀ ရောက်ရှိနေပါတယ်။ အိမ်ထောင်စု ၄၀ ရှိပါတယ်။ အခုဖြစ်နေတဲ့ အခြေအနေက တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှု မတည်ဆောက်နိုင်လို့ အပြန်အလှန် ဖြစ်နေကြတဲ့သဘော ရှိ ပါတယ်။ ဒါကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ရခိုင် တိုင်းရင်းသားတွေဘက်ရော အစ္စလာမ် ဘာသာဝင်တွေဘက်ရော နှစ်ဖက်စလုံး သွားပြီး စေ့စပ်မှုတွေ လုပ်နေပါတယ်။ ပထမဖြစ်ကာစက အစ္စလာမ်ဘာသာဝင် တွေရှိတဲ့ဘက်ကို အခြေအနေ ရှုပ်ထွေးနေတော့ ဘယ်သူမှ မသွားရဲကြဘူး''ဟု ၎င်းက ဆက်လက်ပြောကြားသည်။

''အခုအချိန်မှာတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေလည်း အစ္စလာမ် ဘာသာဝင်တွေ ရှိတဲ့ဘက်ကို သွားပြီး ထိတွေ့ဆက်ဆံမှုတွေ လုပ်နေပါတယ်'' ဟုလည်း ၎င်းက ဆိုပါသည်။

ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားလျက်ရှိသော အကြမ်းဖက်ဖြစ်ရပ်များကြောင့် ထိခိုက်သူ ရခိုင်ဒုက္ခသည် ဦးရေမှာ ဇွန်လ ၁၁ ရက်နေ့အထိ ၁၂၀၇၄ ဦး ရှိသွားပြီဖြစ်ကြောင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ ရဲတပ်ရင်းများ၊ စာသင်ကျောင်းများတွင် ခိုလှုံလျက်ရှိကြောင်း သိရှိရသည်။

စစ်တွေမြို့တွင် လက်ရှိခိုလှုံနေသော ဒုက္ခသည်ဦးရေ ၄၉၀၀ ဦးရှိပြီး ဘူးသီးတောင်မြို့တွင် ၁၃၀၀ ခန့် ခိုလှုံလျက်ရှိကြောင်း၊ ရသေ့တောင်မြို့၌ ဦးရေ ၂၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင် ခိုလှုံလျက်ရှိကြောင်း ဇွန်လ ၁၂ ရက်နေ့က သိရှိရသည်။
မောင်တောမြို့တွင် လက်ရှိခိုလှုံနေသော ဒုက္ခသည်ဦးရေမှာ စုစုပေါင်း ၃၈၇၄ ဦးရှိကြောင်းလည်း သိရှိရသည်။

''စစ်တွေမြို့ထဲမှာသာ ဘဂါင်္လီ အင်အားနည်းတာ။ အမ်ဘာရီအုပ်စု၊ နာဇီအုပ်စု၊ ဘုမေအုပ်စုတို့ကတော့ ဘင်္ဂါလီတွေ များတယ်။ ဒါတွေက စစ်တွေမြို့နဲ့ နီးတယ်။ သူတို့က မြို့ကို ပတ်ဝိုင်းပြီးနေတဲ့ သဘောရှိတယ်။ မြို့တွင်းမှာနေတဲ့ ဘင်္ဂါလီတွေကတော့ သူတို့ရဲ့နေအိမ်တွေကို စွန့်သွားပါပြီ။ လုံခြုံရေးက တစ်ဖက်မှာ အားစိုက်နေရင် ကျန်တဲ့တစ်ဖက်က ထကြွတဲ့ သဘောဖြစ်နေတယ်။ လုံခြုံရေး အင်အားကလည်း တစ်မြို့လုံးအတိုင်းအတာအရ လုံလောက်မှု မရှိသေးဘူး။ အဲဒီတော့ စစ်တွေဒေသခံတွေကပဲ ကိုယ့်လက်နက် ကိုယ်ရှာပြီး ကာကွယ်နေရတဲ့သဘော ရှိနေတယ်''ဟု စစ်တွေဒေသခံက ပြောပါသည်။

နာဇီဘင်္ဂါလီအုပ်စုသည် နာဇီရွာအတွင်း၌ရှိသော ဘုန်းတော်ကြီးကျောင်းများကို မီးရှို့ဖျက်ဆီးခဲ့ပြီး အာကျိတ်တော်ကုန်းအနီးတွင်ရှိသော ရွှေဗိမာန်တောရကျောင်း၊ သောင်ဒရာကျောင်းနှင့် ယသဓမ္မကျောင်း အစရှိသည့် ဘုန်းတော်ကြီးကျောင်းများကို စီးနင်းထားခဲ့သည်။ စီးနင်းခံခဲ့ရသည့် ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များမှာ အာကျိတ်တော်ကုန်းဘက်သို့ ထွက်ပြေးလွတ်မြောက်ခဲ့သည်။

ယခုကဲ့သို့ ရခိုင်ပြည်နယ်အတွင်း၌ မငြိမ်သက်မှုများ ဖြစ်ပေါ်နေခြင်းနှင့် ပတ်သက်၍ ဘာသာအသီးသီးမှ တာဝန်ရှိသူများက မိမိတို့ ဘာသာဝင်အသီးသီးအား တရားဥပဒေဖြင့် ဖြေရှင်းကြရန်နှင့် လူမျိုးရေးမှဘာသာရေးအသွင်ဆောင်သော အဓိကရုဏ်းများ အထိ ကျယ်ပြန့်လာခြင်း မရှိစေရန် မေတ္တာရပ်ခံ တိုက်တွန်းခဲ့ကြပါသည်။
စစ်တွေတွင် ဇွန်လ ၁၁ ရက်နေ့က နာဇီကျေးရွာဘက်မှ ဘင်္ဂါလီအုပ်စု၊ သံတော်လီကျေးရွာမှ ဘင်္ဂါလီအုပ်စု ထိုအုပ်စုနှစ်စု အဓိက ထကြွခဲ့ပြီး ဇွန် လ ၁၀ ရက်နေ့ကမူ ဘုမေရွာရှိ ဘင်္ဂါလီအုပ်စုက ထကြွခဲ့ခြင်း ဖြစ်ပါသည်။
''ပြည်ထောင်စု မြန်မာနိုင်ငံတော်မှာ လူဦးရေ သန်း ၆၀ ကျော်ခန့်ရှိရာမှာ လူဦးရေရဲ့ ၈၉ ဒသမ ၃၈ ရာ ခိုင်နှုန်းဟာ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြပြီး ကျန်ခရစ်ယာန် ဘာသာ၊ အစ္စလာမ် ဘာသာ၊ ဟိန္ဒူ ဘာသာနဲ့ နတ်ကိုးကွယ်သူနဲ့ အခြားဆိုပြီး ဘာသာတရားမျိုးစုံ၊ အယူဝါဒမျိုးစုံ ရှိရာမှာ လူများစု လူနည်းစု ခွဲခြားခြင်းမရှိဘဲ မိမိတို့ယုံကြည်ရာ ဘာသာကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိပါတယ်။ ဗုဒ္ဓဘာသာဝင်များအတွက် သုတ္တန်၊ ၀ိနည်း၊ အဘိဓ္မာတရားတွေ ရှိသလိုပဲ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူဘာသာတွေမှာလည်း သက်ဆိုင်ရာ ကျမ်းဂန် တွေ အသီးသီးရှိပါတယ်။ မတူကွဲပြားတဲ့ ဘာသာရေး ယုံကြည်သူတွေဖြစ်ပေမယ့် လူမှုရေး၊ လူ့ယဉ်ကျေးမှု ကိစ္စရပ်တွေမှာ တစ်ဦးရဲ့အယူအဆကို တစ်ဦးက လေးစားခြင်း၊ အနှောင့်အယှက်မပြုဘဲ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ တရားပွားများခြင်း၊ လက်တွဲဆောင် ရွက်ကြခြင်းနဲ့ လွတ်လပ်စွာ ယုံကြည်ခွင့်ရဲ့ အနှစ်သာရကို ဖြစ်ပေါ်စေပါတယ်''ဟု ဒေါက်တာဘန္ဒန္တကုမာရာဘိဝံသ ဗန်းမော်ဆရာတော်ဘုရားကြီးက ဇွန်လ ၁၂ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့တွင် ပြုလုပ်သော ဘာသာပေါင်းစုံ သြ၀ါဒခံယူပွဲ အခမ်းအနားတွင် မိန့်ကြားခဲ့ပါသည်။
''မေလ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် ကျောက်နီမော်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ကို အခြေခံ၍ ရခိုင်ပြည်နယ်အတွင်း မတည်ငြိမ်မှုများ၊ အကြမ်းဖက်မှုများ ကျယ်ပြန့်စွာ ဖြစ်ပွားလာခဲ့သည်မှာ ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် ရင်ပြင်တော်ပေါ်တွင် ရခိုင်အ မျိုးသားက ရခိုင်ပြည်နယ်ရှိ ရခိုင်လူမျိုးများကို ကာကွယ်စောင့်ရှောက်ပေးရန်ဟူသော ဆန္ဒဖော်ထုတ် တောင်းဆိုပွဲများ ကျင်းပလာသည်အထိ ဖြစ်ပါတယ်။ ယင်းသို့ အကြမ်းဖက်မှုများ၊ မတည်ငြိမ်မှုများ ဖြစ်ပေါ်နေခြင်းနှင့် စပ်လျဉ်း၍ ကျောက်နီမော်ဖြစ်စဉ်ကို အသေးစိတ် သုံးသပ်ကြည့် မည်ဆိုပါက ဘာသာဝင်တစ်ဦး တစ်ယောက်က မိမိတို့၏ ဘာသာ အဆုံးအမကို လက်ခံလိုက်နာကျင့်သုံးမှု အားနည်းသောကြောင့် ဖြစ်ပေါ်လာရသည့် ပုဂ္ဂလိက ပုဂ္ဂိုလ်ရေး တစ်ဦးတစ်ယောက်နှင့်ဆိုင်သော ပြဿနာဖြစ်သည်ကို တွေ့ရပါသည်။ ဘာသာရေးကို အခြေခံသော ပဋိပက္ခ၊ လူမျိုးရေးကို အခြေခံသော ပဋိပက္ခ၊ နယ်မြေအပိုင်းအခြားကို အခြေခံသော ပဋိပက္ခ မဟုတ်ဘဲ ရာဇ၀တ်မှု သက်သက်သာဖြစ်သည်ကို တွေ့ရပါသည်''ဟု ရွှေတီဂုံစေတီတော် ဂေါပကအဖွဲ့မှ ဦးစိန်ဝင်းမောင်ကလည်း လျှောက်ထားခဲ့သည်။
''တပည့်တော်တို့ အစ္စလာမ်ဘာသာဝင်များဟာ ပြည်ထောင်စု မြန်မာနိုင်ငံတော်မှာ အခြားသော ညီနောင် ဘာသာဝင်များနဲ့ အေးအတူ ပူအမျှ နှစ်ပေါင်းထောင်ချီကပင် နေထိုင်ခဲ့ကြပါတယ်။ သို့သော်လည်းပဲ အခုအခါမှာ တချို့ မလိုလားအပ်တဲ့ ပြဿနာများကြောင့် တပည့်တော်တို့ ကြားမှာ တစ်ဘာသာနဲ့တစ်ဘာသာ တစ်ဦးနဲ့တစ်ဦး ရင်ဆိုင်တွေ့ဖို့တောင် မ၀ံ့မရဲ ဖြစ်နေရပါတယ်။ ဒီလိုဖြစ်တာက ဘာသာအသီးသီးရဲ့ တရား အဆုံးအမကြောင့် မဟုတ်ဘဲ ဘာသာအသီးသီးကို ကိုးကွယ်နေကြတဲ့လူတွေထဲက လူနည်းစုရဲ့ မလိမ္မာမှုကြောင့်သာ ဖြစ်ပါတယ်။ အစ္စ လာမ်ဘာသာမှာ မတရားမှုကို မပြုဖို့၊ သူများ သား မယားကို မဖျက်ဆီးဖို့၊ မကောင်းမှုကိုမပြုဖို့ သွန်သင်ထားပါရက်နဲ့ အဲဒီကျူးလွန်သူတွေက မလိုက်နာလို့ ဖြစ်ခဲ့ရတာပါ။ အဲဒီ့လူတွေကိုယ်စား ရိုသေလေးစားစွာ လေးလေးနက်နက် တောင်းပန်ပါတယ်''ဟု အစ္စလာမ် ဘာသာရေးရာကောင်စီ၊ တွဲဘက်အတွင်းရေးမှူး ဦးဝဏ္ဏရွှေက ဆရာတော်ကြီးများအား လျှောက်ထားပါသည်။

''ဒီအတွက်ကြောင့် တပည့်တော်တို့ တိုင်းပြည်မှာရှိတဲ့ လူမျိုးစု အသီးသီး၊ ဘာသာအသီးသီးက တပည့်တော်တို့ကို ချစ်ခင်အောင်အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါ။ တပည့်တော်တို့ဘက်က လွန်တယ်လို့ ယူဆခဲ့ရင်လည်း မေတ္တာရှေ့ထားပြီး ခွင့်လွှတ်ပေးဖို့ တောင်းဆိုလိုပါတယ်။ တပည့်တော်ရဲ့ ပြောဆိုမှုများမှာ အမှားအယွင်းများ ပါဝင်ခဲ့ရင်လည်း ဂရုဏာဖြင့် ခွင့်လွှတ်ပေးဖို့ တောင်းဆိုလိုပါတယ်။ တပည့်တော် အဓိက ပြောကြားလိုတာက ရခိုင်ပြည်နယ်မှာ ဘာမှအပြစ်မရှိတဲ့ လူတွေ ဒုက္ခ အကြီးအကျယ် ရောက်ရှိနေပါတယ်။ ဒီအတွက်ကြောင့် ဒီပဋိပက္ခမီးကို အမြန်ဆုံး ငြိမ်းသတ်ပေးဖို့အတွက် မေတ္တာရေစင်နဲ့ သွန်းဖျန်းပေးပါလို့ မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်''ဟုလည်း ၎င်းက ဆက်လက် လျှောက်ထားခဲ့သည်။

''ဒီကနေ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ မတည်ငြိမ်မှုများ၊ ရုန်းရင်းဆန်ခတ်မှုများဟာ အင်မတန်မှ ၀မ်းနည်း ကြေကွဲစရာကောင်းပါတယ်။ တပည့်တော်တို့ရဲ့ ဗုဒ္ဓဘာသာ ဆုံးမမှုများနဲ့လည်း အင်မတန် ဆန့်ကျင်လျက် ရှိနေပါတယ်။ ဒီလို အဖြစ်အပျက်မျိုးဟာ အမြန်ဆုံး ချုပ်ငြိမ်း ပပျောက်သွားဖို့ အင်မတန်မှ အရေးကြီးနေပါတယ်။ အခုလိုဖြစ်ပျက်နေတာဟာ တစ်ဖက်တည်းက နစ်နာတာ မဟုတ်ဘဲ နှစ်ဖက်စလုံးက အများအပြား နစ်နာဆုံးရှုံးနေတာ ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် လက်စားချေမှုတွေ ဖြစ်နေတာဟာ ဘယ်ဘာသာကမှ ခွင့်ပြုတဲ့ကိစ္စ မ ဟုတ်ဘူးလို့ ယုံကြည်ပါတယ်။ ဒီကိစ္စများ ချုပ်ငြိမ်းပပျောက်ဖို့အတွက် သံဃာတော် အရှင်မြတ်များက ဦးဆောင်ပြီး အစိုးရရယ် ပြည်သူရယ် တပည့်တော်တို့ ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ ရခိုင်ပြည်သူလူထု မိဘပြည်သူများနဲ့ အစ္စလာမ်ဘာသာဝင် မြန်မာ အစ္စလာမ်ခေါင်းဆောင်များနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ရင် အမြန်ဆုံးအေး ငြိမ်းတည်ငြိမ်သွားမယ်လို့ ယုံကြည်မိပါတယ် ဘုရား''ဟု ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကလည်း လျှောက်ထားခဲ့ပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူ ဘာသာရေးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကျော်သူကလည်း ''မြန်မာနိုင်ငံမှာ ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးစွာ နေထိုင်လာခဲ့သည်မှာ သမိုင်းတစ်လျှောက် သာဓကများစွာ ရှိခဲ့ပါတယ်။ အခု ရခိုင်ပြည်နယ်တွင်း ဖြစ်ပေါ်နေသော အခြေအနေ များမှာ မဖြစ်သင့်သည့် ကိစ္စရပ်များ ဖြစ်ပေါ်နေသည်ဟု ဟိန္ဒူဘာသာအနေနှင့် ယုံကြည်မိပါတယ်။ ဤကိစ္စဖြင့် အမိနိုင်ငံတော် အေးချမ်းတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မလိုလားအပ်သည့် ကိစ္စရပ်များ ဖြစ်ပေါ်လာမှာ စိုးရိမ်မိပါတယ်။ အမိနိုင်ငံ၏ ဂုဏ်သိက္ခာ ထိခိုက်စေနိုင်သော ကိစ္စမှန်သမျှကို ကျွန်တော်တို့ ၀ိုင်းဝန်းကူညီ ဖယ်ရှားပေးလိုပါတယ်''ဟု လျှောက်ထားခဲ့သည်။

''မြန်မာနိုင်ငံရဲ့ ရေမြေမှာ မွေးဖွားပြီး မြန်မာနိုင်ငံ ရေမြေမှာ ကြီးပွားကာ မြန်မာနိုင်ငံရေမြေမှာပဲ ဘ၀နိဂုံး အဆုံးသတ်မယ့် ပြည်သူပြည်သား ဘာသာဝင် ရဟန်းရှင်လူအများတို့ဟာ မိမိတို့ စိတ်နှလုံးမှာ လောင်မြိုက်နေကြတဲ့ လောဘမီး၊ ဒေါသမီး၊ မောဟမီးတို့ကို ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူတဲ့ ငြိမ်းချမ်းရေး အသိတရားရေစင်နဲ့ အတူတကွ သွန်းလောင်းကြပြီးတစ်ဦးက တစ်ဦးအပေါ် မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ ဗြဟ္မစိုရ်တရားတွေ ပွားများနိုင်ပါစေကြောင်း ဆန္ဒပြုပါတယ်''ဟု ဗန်းမော်ဆရာတော်က မိန့်ကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။