Monday, June 25, 2012

ပြင်ဦးလွင်၌ (၄)လ ကျယ်ပြန့်နေဦးမည့် ဆိုင်ကယ်လိုင်စင်အကျိုးဆောင်ဈေးကွက်

နေ့ချင်းပြီးဆိုင်ကယ်လိုင်စင်ရရှိရန်အတွက် ပြင်ဦးလွင်ခရိုင်အားကစားကွင်းတွင် ပိုက်ဆံယူ၍ လိုင်စင် လုပ်ပေးသော လိုင်စင်အကျိုးဆောင်(ပွဲစား)ဈေးကွက်မှာ လျင်လျင်မြန်မြန် ကြီးမားလာကြောင်း ဒေသခံများက ဆိုသည်။
 

 
ပြည်ဦးလွင်မြို့ရှိ ခရိုင်အားကစားကွင်းတွင် ဆိုင်ကယ်လိုင်စင်ပွဲစား အယောက်(၅၀)ကျော်ရှိပြီး တစ် ယောက်လျှင် ပုံမှန်နှစ်စီးခန့် လိုင်စင်ပြုလုပ်နေရကြောင်းကိုလည်း ပွဲစားများထံက သိရသည်။
 
 
“ဒီမှာ တစ်ယောက်ကို တစ်ရက်မှာ အနည်းဆုံးတစ်စီးစီလောက်တော့ ရကြတယ် ပုံမှန်ကတော့ နှစ်စီးလောကပေါ့၊ တစ်စီးကို ကျွန်တော်တို့ ပွဲစားတွေ ၅၀၀၀/ ၆၀၀၀ လောက်တော့ ယူတယ်” ဟု လိုင်စင်ပွဲစားတစ်ဦးဖြစ်သူကိုတင်မျိုးထွန်းကပြောသည်။
 
 
ပွဲစားများဖြင့် ဆိုင်ကယ်လိုင်စင်ပြုလုပ်လျှင် မှတ်ပုံတင်မိတ္တူနှစ်စောင်သာ ပေးရပြီး နေ့ချင်းပြီးရရှိကြောင်းနှင့် ဆိုင်ကယ်ပိုင်ရှင် များအနေဖြင့် ပွဲစားများဖြင့်သာ လိုင်စင်လုပ်ပြုလုပ်ခြင်းမှာ အလုပ်ရှုပ်မခံလို၍ ဖြစ်ကြောင်း ကိုလည်း သိရှိရသည်။
 
 
“ကျွန်တော်တို့နဲ့ လုပ်မယ်ဆိုရင်တော့ ဆိုင်ကယ်မနက်ပိုင်းလာပေးထားရင် နေ့ခင်းလောက် လာယူရင် ရပါတယ်၊ ဒီမှာတော့ တရုတ်ဆိုင်ကယ်တွေများတယ် ဂျပန်ဘီး ထိုင်းဘီးတွေတော့ တစ်ရက်နေလို့မှ တစ်စီးမတွေ့ရဘူး” ဟု ပွဲစားတစ်ဦးဖြစ်သူ ကိုတင်ထွန်းဦးကပြောသည်။
 
 
လိုင်စင်လာလျှောက်ကြသောဆိုင်ကယ်အများစုမှာ တရုတ်ဆိုင်ကယ်များသာဖြစ်ကြောင်း ကိုလည်း သိရှိရသည်။ ဘလက်ဘီးများအား လိုင်စင်ချထားပေးမှုမှာ ဇွန်လ(၆)ရက်နေ့မှ စတင်ပြုလုပ်ပေးခဲ့ခြင်းဖြစ်ပြီး လိုင်စင်ချပေးမှု ကာလမှာ လေးလကြာမြင့်မည် ဖြစ်သည်။
 
 
“လိုင်စင်တွေက ၆ရက်နေ့က စလုပ်ပေးတာပါ၊ ဒီမှာ တစ်ရက်ကို ပျမ်းမျှတွက်ရင် လိုင်စင်လုပ်တဲ့ဆိုင်ကယ် (၁၀၀)/(၁၅၀) ၀န်းကျင်လောက်ရှိပါတယ်”ဟု ပြင်ဦးလွင်မြို့ရှိ ကုန်လမ်းသယ်ယူပို့ဆောင်ရေးနှင့် ညွန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။
 
 
ဆိုင်ကယ်လိုင်စင်များပြုလုပ်ခြင်းမှာ ဆိုင်ကယ်ထုတ်လုပ်သော ခုနှစ်နှင့်ကောက်ခံခြင်းဖြစ်ပြီး ၂၀၀၁ခုနှစ်မှ၂၀၀၅ခုနှစ်ထုတ်   တရုတ်ဆိုင်ကယ်များအား ၁၁၀ စီစီတစ်စီးလျှင် ကျပ်(၄၀၇၂၅)ကောက်ခံပြီး၊ ၁၂၅စီစီဆိုင်ကယ်များအား (၄၂၄၇၅) ကျပ်ကောက်ခံကာ၊ ၂၀၀၆မှ ၂၀၁၀ထိ ဆိုင်ကယ်များကိုမူ ၁၁၀စီစီလျှင် (၄၆၉၅၀)ကျပ်နှင့်၁၂၅စီစီဆိုင်ကယ်များကို   (၅၄၇၇၅)ကျပ်၊ ၂၀၁၁နှင့် အထက်ဆိုင်ကယ်များကို ၁၁၀စီစီလျှင်(၅၆၈၂၅)ကျပ်နှင့် ၁၂၅စီစီအား ကျပ်(၅၉၉၀၀)အထိ   ကောက်ခံနေကြောင်းကိုလည်း သိရှိရသည်။
 
 
“ကျွန်မကတော့ ကိုယ့်ဘာသာကိုယ်ပဲ လုပ်လိုက်တော့တယ် လိုင်စင်လုပ်မယ်ဆိုပြီး ဒီနေ့ရွာကထွက်လာတာဆိုတော့ ပွဲစားပေးမဲ့ပိုက်ဆံကိုယ်ပဲ ယူလိုက်တော့မယ်လေ” ဟု လိုင်စင်လာရောက်လုပ်ကိုင်သူ မအဲမီးက ပြောသည်။
 
 
ထိုကဲ့သို့ လိုင်စင်များချပေးထားမှုကြောင့် လိုင်စင်မဲ့ဆိုင်ကယ်များအနေဖြင့် ယခင်တန်ဖိုးများထက် ကျပ်နှစ်သောင်းကျော်   ဈေးနှုန်းမြင့်တက်လာကြောင်းကိုလည်း ဆိုင်ကယ်ပွဲစားများထံက သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။