Monday, June 25, 2012

ဇွန်လ ၂၁ ရက်နေ့က ဗြိတိန်ပါလီမန်တွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသော မိန့်ခွန်းမှ ကောက်နုတ်ချက်

7384
“ကျွန်မ အခုပဲ ဒေါင်းနင်းလမ်းက လာခဲ့တာပါ။ အဲဒီကို ပထမဆုံးရောက် ဖူးတာပါ။ ဒါပေမဲ့ ကျွန်မအတွက်တော့ ရင်းနှီးနေတဲ့ နေရာတစ်ခုလိုပဲ၊။ ရုပ်သံတွေထဲကနေတင် မဟုတ်ဘဲ ကျွန်မရဲ့ မိသားစု သမိုင်းအရပါ ရင်းနှီးနေတာမျိုးပါ။ တချို့တွေကတော့ သိချင်သိကြမယ်၊ ကျွန်မဖေဖေ ၁၉၄၇ ခုနှစ်မှာ လုပ်ကြံမခံရမီလေးတင်မှ ရိုက်ကူးခဲ့တဲ့ အထင်ရှားဆုံး ဓာတ်ပုံက ဒေါင်းနင်း လမ်းမှာ ကလီးမင်န့်အက်တလီ အပါအ၀င် အခြားသူတွေနဲ့အတူ ရပ်နေတဲ့ပုံ ပါပဲ။ မြန်မာ့လွတ်လပ်ရေးအတွက်
အဲဒီမှာ ဖေဖေဆွေးနွေးခဲ့တယ်။ ဓာတ်ပုံထဲမှာ ဖေဖေက ဗြိတိသျှ စစ်ကုတ်အင်္ကျီ အရှည်ကြီး ၀တ်လို့လေ။ အသားမကျတဲ့ ဒီက ရာသီဥတုကို ကာကွယ်နိုင်ဖို့ ယူကေကို အလာလမ်းမှာ ဂျဝါဟာလာနေရူး က ပေးလိုက်တာပါ။ ကျွန်မလည်း ၂၄ နှစ် လောက် အပူပိုင်းနိုင်ငံဖြစ်တဲ့ ကျွန်မနိုင်ငံက မထွက်ဖြစ်ခဲ့တော့ ဒီအပတ်ထဲ နည်းနည်း အခက်အခဲဖြစ်တော့ ဒီလိုကုတ်အင်္ကျီမျိုး လိုမလား စဉ်းစားမိတယ်။”
“မြန်မာနိုင်ငံကို ၀င်တဲ့ မဟာမိတ်တပ်တွေကို ဦးဆောင်သူအမှတ် ၁၄ တပ် မဟာရဲ့ဗိုလ်ချုပ်ကြီးစလင်းက သူ့မှတ်တမ်းစာအုပ် Defeat into Victory မှာ ဖေဖေနဲ့ပထမဆုံး တွေ့ဖြစ်တဲ့အကြောင်းကို ရေးဖူးပါတယ်။ ဗမာ့လွတ်လပ်ရေး တပ်မတော်ဟာ မဟာမိတ်တွေနဲ့ ပူးပေါင်းသင့်တယ်လို့ ဖေဖေကဆုံးဖြတ်ပြီး မကြာမီမှာတွေ့ကြတဲ့ ဒီတွေ့ဆုံမှုက တစ်ဆင့်စစ်ပွဲကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးစလင်းက ပြောပါတယ်။ ငါတို့နိုင်နေလို့ မင်းငါတို့ဆီလာတာပဲလို့ပါ။ ဖေဖေက ပြန်တုံ့ပြန်ပါတယ်။ ခင်ဗျားတို့မနိုင်ဘဲ  ခင်ဗျားတို့ဆီလာခဲ့ တယ်ဆိုရင်လည်း အဲဒါဟာ ကောင်းဖို့ရာရှိတာမှာ မဟုတ်တာလို့ပါ”
“ဖေဖေဟာ လက်တွဲလုပ်လို့ရမဲ့ လက်တွေ့ကျတဲ့လူလို့ ဆလင်းကမြင်ခဲ့ပါတယ်။ နောက်ဆယ်စုနှစ် ခြောက်ခုကြာတဲ့အခါမှာ ကျွန်မလည်းဖေဖေ့လိုပဲ လက်တွေ့ကျနိုင်ဖို့ ကျွန်မကြိုးစားနေပါတယ်။ ကျွန်မအခု ဒီရောက်နေတာကလည်း ကာလရှည်အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့ကမ္ဘာမှာ နေရာပျောက်နေရ တဲ့ မြန်မာပြည်သူတွေ အတွက် ပိုကောင်းတဲ့ဘ၀တွေ၊ ကြီးကျယ်တဲ့ အခွင့်အရေးတွေ ဆောင်ကျဉ်းပေးနိုင်မဲ့ ပြုပြင်ပြောင်းလဲမှုတွေမှာ အထောက်အပံ့ရစေမဲ့ လက်တွေ့ကျတဲ့ အကူအညီမျိုး၊ မိတ်ဆွေတစ်ယောက်ရဲ့တန်းတူရည်တူ ရှိမှုမျိုး နဲ့ ကူညီမှုမျိုးရဖို့ဆိုတာလည်း ပါပါတယ်။”
“အောက်စ်ဖို့ဒ်မှာ မနေ့က ကျွန်မပြောခဲ့သလိုပဲ ကျွန်မတို့တိုင်းပြည်က ဒီကနေ့မှာမှ ပိုကောင်းတဲ့ အနာဂတ်လို့မျှော်လင့်ထားတဲ့ ခရီးရှည်ကိုစနေတဲ့ အနေအထားမှာပဲ ရှိပါသေးတယ်။ တက်ရမဲ့ တောင်ကုန်းတွေ၊ တံတားထိုးရမဲ့ ချောက်ကမ်းပါးတွေ၊ ချိုးဖျက်ရမဲ့ အတားအဆီးတွေ အများကြီး ရှိပါသေးတယ်။ ကျွန်မတို့ရဲ့ကိုယ်ပိုင် ဆုံးဖြတ်မှုတွေကြောင့် ဒီအခြေအနေအထိ ရောက်လာခဲ့ သလို ဗြိတိန်ပြည်သူတွေနဲ့ ကမ္ဘာတစ်လွှားက ပြည်သူတွေရဲ့ပံ့ပိုးမှုနဲ့ဆိုရင် ဒီထက်ပိုခရီးတွင် ပါလိမ့်မယ်။”
“ဗြိတိသျှပါလီမန်ဟာ ကမ္ဘာတစ်လွှားက အဖိနှိပ်ခံပြည်သူတွေရဲ့ လွတ်လပ်စွာပြောဆိုခွင့်နဲ့ ပတ်သက်ပြီး စံထားရမဲ့နေရာပါ။ ဒီမှာရှိတဲ့ ပြည်သူတွေက လွတ်လပ်ခွင့်ဆိုတာ ရပြီးသားလို့ မှတ်ယူကောင်း မှတ်ယူကြပါမယ်။ ကျွန်မတို့ မြန်မာပြည်အတွက်ကတော့ ရှင်တို့ဆီမှာ ရသင့်တာလို့ မှတ်ယူထားပြီးဖြစ်တဲ့ ဒီလွတ်လပ်ခွင့် ဆိုတာအတွက် ခက်ခက်ခဲခဲကာလရှည် ရုန်းကန်တိုက်ပွဲဝင်နေရ တာပါ။ ဒါကြောင့် မြန်မာပြည်က ပြည်သူ အမြောက်အများဟာ ဒီမိုကရေစီရေးရုန်းကန် လှုပ်ရှားမှုအတွက် အများကြီး စွန့်လွှတ်ခဲ့ရတာ၊ အရာရာကိုစွန့် လွှတ်ခဲ့ရတာတွေ ရှိပါတယ်။ အခုနေအခါမှာတော့ ကျွန်မတို့ တိုက်ပွဲဝင်ခဲ့တာတွေရဲ့ အသီးအပွင့်တွေကို စမြင်ရရုံ ရှိပါသေးတယ်။”
“ကျွန်မတို့ ကြားဖြတ်ရွေးကောက်ပွဲက ဧပြီလ ၁ ရက်နေ့မှ ကျင်းပတော့ ဒါဟာနောက်ထပ် April Fool Joke လုပ်တာမျိုး ဖြစ်နေမလားဆိုပြီး သံသယပွားခဲ့ကြတာမျိုး ရှိပါတယ်။ တစ်ကယ်တမ်းကျ April of New Hope ဖြစ်ခဲ့ပါတယ်။ မဲပေးမှုဟာ အများအားဖြင့် လွတ်လပ်ပြီး တရားမျှတခဲ့ပါတယ်။ ဒီအတွက် သမ္မတဦးသိန်းစိန်ကို ဂုဏ်ပြုလိုပါတယ်။ သူရဲ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အပေါ်မှာ ယုံကြည်ထားမှုနဲ့ ရိုးသားမှုအတွက်ပါ ဂုဏ်ပြုလိုပါတယ်။”
“ဒီမိုကရေစီရဲ့ အရေးပါတဲ့ အမယ်တစ်ခုလို့ ဆိုရမဲ့ ပြည်သူတွေရဲ့အာဏာ တည်ဖို့အတွက်ဘာက အရေးအကြီးဆုံးလဲ။ အခြေခံဥပဒေ တစ်ရပ်ဆိုတာ ထိရောက်ဖို့အတွက် ချရေးထားမှဖြစ်တာမျိုး မဟုတ်ဘူးဆိုတာအတွက် ဗြိတိန်ဟာ မျက်မြင်ရှိနေတဲ့ သက်သေပါ။ ပိုအရေးကြီးတာက အခြေခံဥပဒေတစ် ရပ်ဆိုတာ လူထုက လက်ခံတာဖြစ်ရမယ်၊ လူထုကသူနဲ့ဆိုင်တယ်လို့ ထင်တာ ဖြစ်ရမယ်၊ သူတို့အပေါ်မှာ သက်သက်ရှိနေတဲ့ မဆိုင်တဲ့ စာရွက်စာတမ်းကြီးလို မဖြစ်ရဘူးဆိုတာပါပဲ။”
“လွတ်လပ်ရေး ရပြီးတဲ့အနှစ် ၆၀ ကျော်ကာလမှ မြန်မာနိုင်ငံဟာ တစ်နိုင်ငံလုံး ငြိမ်းချမ်းနေတယ် ဆိုတဲ့ကာလမျိုး မရှိခဲ့သလောက်ပါပဲ။ အခုအချိန် မှာတောင်မှ နိုင်ငံမြောက်ပိုင်းမှာ ကချင်လက်နက်ကိုင်တွေနဲ့ အစိုးရတပ်တွေ ကြားမှာ ရန်လိုမှုတွေရှိနေတယ်။ အနောက်ဘက်မှာလည်း လူထုအတွင်း အဓိကရုဏ်းတွေကြောင့် အပြစ်မဲ့တဲ့ အသက်တွေ အများကြီးဆုံးရှုံးခဲ့ရသလို အကူညီမဲ့ ပြည်သူတွေ ထောင်သောင်းချီပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ ပဋိပက္ခ တွေရဲ့ ဇာစ်မြစ်အဖြစ် တည်ရှိတဲ့ ပြဿနာတွေကို ကျွန်မတို့ပြောရပါမယ်။ တွေ့ဆုံဆွေးနွေးမှုတွေက တစ်ဆင့် နိုင်ငံရေးသဘောတူညီချက် ယူတဲ့ ဓလေ့ကို ဖွံ့ဖြိုးအောင်လုပ်ရမယ်။ တရားဥပဒေ စိုးမိုးမှုကို မြှင့်တင်ရမယ်။ မြန်မာနိုင်ငံတွင်းမှာ နေထိုင်သူအားလုံးမှာ လွတ်လပ်မှုနဲ့ လုံခြုံမှုဆိုတာရှိရမယ်။ ချက်ချင်းအနေနဲ့ကတော့ မြောက်ပိုင်းနဲ့ အနောက်ပိုင်းမှာရှိတဲ့ အိမ်တွေကထွက်ပြေးခဲ့ရတဲ့ အမျိုးသမီးနဲ့ ကလေးငယ်အများစုပါတဲ့ ပြည်သူတွေအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေပါတယ်။”
“ပညာရေးကဏ္ဍမှာ ဗြိတိန်က အဓိက ကဏ္ဍကနေ ပါဝင်ကူညီပေးနိုင်မယ်လို့ ထင်ပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဆိုတာ သူတို့ရဲ့ဘ၀တွေမှာ ထင်သာမြင်သာ အကျိုးသက်ရောက်မှု ရှိတယ်လို့ ပြည်သူတွေ မှတ်ယူနိုင်ဖို့ ရေတိုအကျိုးသက်ရောက်မှုတွေကိုလည်း လိုပါတယ်။ အသက်မွေးဝမ်းကျောင်း ဆိုင်ရာ သင်ကြားမှုတွေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ဖို့ဟာလည်း မြန်မာနိုင်ငံရဲ့ အခြေအနေဆိုးရွားတဲ့ လူငယ်အလုပ်လက်မဲ့ ပြဿနာကို ဖြေရှင်းရာမှာ အဓိကအရေးပါပါတယ်။ ရေရှည်အနေနဲ့ကတော့  မြန်မာ့ပညာရေးစနစ်ဟာ အရမ်းအားနည်းနေတာကြောင့် ပြုပြင်ပြောင်းလဲမှုကို လုပ်ဖို့ လိုပါတယ်။ ကျောင်းနဲ့သင်ရိုးညွှန်းတမ်းတွေ တင်မကဘဲ  ဆရာတွေကို လေ့ကျင့်ပေးတာတွေ လိုအပ်သလို လက်ရှိမှာကျဉ်းမြောင်းပြီး တင်းကျပ်တဲ့ ကျွန်မ တို့ရဲ့ပညာရေးနဲ့ပတ်သက်တဲ့ သဘောထား အယူအဆတွေကိုလည်း ပြင်ရပါလိမ့်မယ်။”
“ဗြိတိသျှစီးပွားရေး လုပ်ငန်းတွေကလည်း ဒီမိုကရက်တစ်အသွင်ကူးပြောင်းရေးမှာ ကူညီပံ့ပိုးတဲ့ ကဏ္ဍကနေ ပါဝင်နိုင်မယ်လို့မျှော်လင့်ပါတယ်။ဒါပေမဲ့ ဒီမိုကရေစီကို မိတ်ဖက်ပြုတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးကိုပဲလို့ ဆိုချင်ပါတယ်။ ဆိုလိုတာက ရင်းနှီးမြှုပ်နှံမှုတွေဟာ ပွင့်လင်းမြင်သာမှုရှိရမယ်၊ အလုပ်သမား အခွင့်အရေးတွေရှိရမယ်၊ ပတ်ဝန်းကျင်ကို ပျက်စီးစေမှု မရှိစေရဘူးဆိုတာ မျိုးပါ။ အထူးသဖြင့် လုပ်အားအခြေပြု ကဏ္ဍတွေမှာ တာဝန်ယူမှုနဲ့ အပြုသဘောဆောင်တဲ့ ရည်ရွယ်မှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ ကျွန်မတို့ ပြည်သူတွေအတွက် တစ်ကယ် အကျိုးရှိနိုင်ပါလိမ့်မယ်”
“နိဂုံးချုပ်အနေနဲ့ ပြောချင်တာက ဒီအချိန်ဟာ မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံး အချိန်ဖြစ်သလို လိုအပ်မှုတွေအရှိဆုံး အချိန်လည်းဖြစ်ပါတယ်။ ဒါကြောင့် ဗြိတိန်နဲ့အခြားပြင်ပက မိတ်ဆွေတွေ အနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုက ရေစီနည်းကျပြီး တရားမျှတတဲ့လူ့အဖွဲ့အစည်း တည်ထောင်ရေး အားထုတ်မှု တွေမှာ ပါဝင်ထောက်ပံ့ကူညီကြပါလို့ တိုက်တွန်းလိုပါတယ်။”

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။