Monday, June 25, 2012

 မြ၀တီမြို့တွင် လက်နက်ကိုင်ပြီး ရွှေဆိုင်လုယက်မှု ဖြစ်ပွား

မြ၀တီမြို့ရှိ အခင်းဖြစ်ပွားခဲ့သည့် အင်ပါယာရွှေဆိုင်
မြ၀တီမြို့လယ် ဘုရင့်နောင် ဈေးကြီးအရှေ့ဖက်ရှိ အင်ပါယာရွှေဆိုင်အား သေနတ်သမားသုံးဦး ၀င်ရောက်ပြီး ရွှေထည်ပစ္စည်းများနှင့်ငွေများ ယူဆောင်သွားခဲ့သည့် ဖြစ်ရပ်တစ်ခု ဇွန်လ ၂၄ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Honda Face ကားနှင့်လာသော အနက်ရောင်ဝတ်စုံ၊ မျက်နှာဖုံးစွပ် သေနတ်သမားသုံးဦးအနက် တစ်ဦးမှာ ဆိုင်အတွင်းသိုဝင်ရောက်၍ ရွှေကောင်တာ မှန်ပုံးကိုရိုက်ခွဲကာ ရွှေဆွဲကြိုး ၂၄၂ ကျပ်သား၊ မြန်မာငွေကျပ်သိန်း ၃၀ ကျော်နှင့် ထိုင်းဘတ်ငွေ နှစ်သိန်းကျော်တို့ကို ယူ ဆောင်သွားကြောင်း၊ အပြင်ဘက်၌နေသူက သေနတ်လေးငါးချက်ပစ်ခဲ့ပြီး ရွှေနှင့်ငွေစက္ကူများကို ကားပေါ်တင်၍ ယူဆောင်သွားကြောင်း၊ အနီးပတ်ဝန်းကျင်ရှိ လူများမှာလည်း သေနတ်သံကြောင့် ကြောက်လန့်ကာ ထွက်ပြေးကြကြောင်း အဆိုပါဆိုင် အနီးမှ မျက်မြင်တစ်ဦးက ပြောသည်။
ရွှေ ၂၄၂ ကျပ်သားတွင် အားလုံးဆွဲကြိုးဖြစ်ပြီး ယိုးဒယားလော့ ကတ်သီးပါ MC ဆွဲကြိုးများ၊ နှစ်ကျပ်သားနှင့် သုံးကျပ်သားရှိ ဆွဲကြိုးများနှင့် တစ်ကျပ်သားဆွဲကြိုးများဖြစ်ကြောင်း ဆိုင်အရောင်းကောင်တာ တာဝန်ခံက ပြောသည်။ ယင်းရွှေ အရောင်းကောင်တာတွင် မိန်းကလေး သုံးဦးသာ ရောင်းချကြောင်း သိရသည်။
''ကြောင်အမ်းပြီး ဘာလုပ်လို ဘာကိုင်ရမှန်းမသိပါဘူး။ သေနတ်မြင်တော့ လန့်သွားတယ်။ လူခေါ်ဘဲလ်နဲ့ အချက်ပြဖို့ ကြိုးစားပေမယ့် အခွင့်မသာခဲ့ပါဘူး။ ကားထွက်သွားတော့ ဆိုင်ကယ်နဲ့ လိုက်သေးတယ်။ မြေနီကုန်းရောက်တော့ ပျောက်သွားတယ်''ဟု အဆိုပါ ရွှေဆိုင်ပိုင်ရှင် ကိုမင်းအုံးဖေက ပြောပါသည်။ 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။